ဇူလိုင် ၁၈၊၂၀၂၅။
Zalen
အိန္ဒိယထောက်လှမ်းရေးချုပ်နဲ့ စစ်ခေါင်းဆောင် ဒုဥက္ကဋ္ဌတို့ တွေ့ဆုံအပြီး အိန္ဒိယ-မြန်မာနယ်စပ်မှာ ခိုအောင်းနေတဲ့ PDF စခန်းကို အိန္ဒိယစစ်တပ်က မြန်မာနယ်စပ်ကို ဝင်ရောက်ဗုံးကြဲနယ်လို့ Snow Queen အမည်ရှိ တယ်လီဂရမ်ချန်က ဒီနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ သတင်းရေးသားဖြန့်ချီနေပါတယ်။
Snow Queen တယ်လီဂရမ်ချန်က” အိန္ဒိယထောက်လှမ်းရေးချုပ်နှင့် နစက ဒုဥက္ကဋ္ဌတို့ တွေ့ဆုံအပြီး အိန္ဒိယ-မြန်မာနယ်စပ်ရှိ ခိုအောင်းနေသောပဒက် အသိုက်အား အိန္ဒိယစစ်တပ် မြန်မာနယ်စပ်ကိုဝင်ရောက်၍ဗုံးကြဲ”လို့ ရေးသားဖြန့်ချီနေပါတယ်။
သတင်းမူရင်းလင့်ခ်
အဲဒီသတင်းကို ဒီနေ့ ဇူလိုင်လ ၁၈ ရက်နေ့၊ မနက် ၁၀ နာရီအချိန်ထိ ဖတ်ရှူသူ ၂,၉၀၀ ကျော်၊ Comments ၂ ခု၊ Reaction ပေးသူ ၁၅ ဦးထိရှိပါတယ်။
စိစစ်တွေ့ရှိချက်
=========
သတင်းကို ရှာဖွေ စိစစ်ကြည့်တဲ့ခါမှာ အိန္ဒိယနိုင်ငံရဲ့ ထောက်လှမ်းရေးချုပ်နဲ့ စစ်ခေါင်းဆောင် ဒုဥက္ကဋ္ဌတို့ တွေ့ဆုံအပြီး အိန္ဒိယ-မြန်မာနယ်စပ်ရှိ PDF စခန်းကို အိန္ဒိယစစ်တပ်ကနေ ဝင်ရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ မတွေ့ရှိရပါ။
အိန္ဒိယ-မြန်မာနယ်စပ်၊ နဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ နာယန်းကျေးရွာနဲ့ လဟယ်မြို့နယ်၊ Hoyat ကျေးရွာအနီးမှာ အခြေချထားတဲ့ အိန္ဒိယလက်နက်ကိုင်တစ်စုဖြစ်သလို အာသံပြည်နယ်မှ ခွဲထွက်ရေးလိုလားနေတဲ့ United Liberation Front of Asom (ULFA) စခန်းကို ဇူလိုင်လ ၁၃ ရက်နေ့က အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဖြစ်စဥ်သိရှိသူ နာဂဒေသခံ အမျိုးသားတစ်ဦးက “ULFA က မြန်မာပြည်က လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်ဘူး။ အိန္ဒိယနိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်တယ်။ အရင် ၂၀၂၃ ခုနှစ်ကတော့ အိန္ဒိယ အစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတယ်။ အာသံပြည်နယ်မှာ ခွဲထွက်ရေးလိုလားတဲ့အဖွဲ့ပေါ့။ အိန္ဒိယစစ်တပ်က မြန်မာပြည်က PDF တပ်စခန်းကို ဗုံးကြဲတိုက်ခိုက်တာ မဟုတ်သလို မြန်မာပြည်က နာဂလက်နက်ကိုင်အဖွဲ့ကို ဗုံးကြဲတာလည်း မဟုတ်ပါဘူး။ ထင်ယောင်ထင်မှား ဝါဒဖြန့်နေတာပါ။” လို့ သူက ဆိုပါတယ်။
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ခွဲထွက်ရေးလိုလားတဲ့ ULFA ရဲ့ မြန်မာနယ်စပ်က စခန်းကို ဇူလိုင်လ ၁၃ ရက်နေ့က အိန္ဒိယစစ်တပ်က ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နာဂဒေသတွင်းသတင်းဌာန၊ မြန်မာပြည်သတင်းဌာနနဲ့ နိုင်ငံခြားသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဒေသတွင်း သတင်းဌာနဖြစ်တဲ့ Naga News
Zalen News
BBC Burmese
India Today
အိန္ဒိယထောက်လှမ်းရေးချုပ်နဲ့ စစ်ခေါင်းဆောင် ဒုဥက္ကဋ္ဌတို့ နေပြည်တော်မှာ ဇူလိုင်လ ၁၆ ရက်နေ့ မတွေ့ဆုံမီမှာ အိန္ဒိယ-မြန်မာနယ်စပ် ULFA တပ်စခန်းကို ဇူလိုင်လ ၁၃ ရက်နေ့ အိန္ဒိယစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့က နေပြည်တော်မှာ အိန္ဒိယထောက်လှမ်းရေးချုပ်နဲ့ စစ်ခေါင်းဆောင် ဒုဥက္ကဋ္ဌတို့ တွေ့ဆုံတဲ့သတင်း People’s Spring က ဖော်ပြထားပါတယ်။
သတင်းမူရင်းလင့်ခ်
ဒါ့အပြင် Snow Queen ချန်နယ်က ဖော်ပြထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်ရှိ PDF စခန်းကို အိန္ဒိယစစ်တပ်က ဗုံးကြဲတိုက်ခိုက်ဆိုတဲ့ သတင်းက ပျက်စီးသွားတဲ့ ဓာတ်ပုံတွေဟာ PDF စခန်းမဟုတ်ဘဲ ULFA တပ်စခန်းဖြစ်ပါတယ်။
သုံးသပ်ချက်
=======
အထက်ပါဒေသခံတွေ ပြောဆိုချက်နဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရအိန္ဒိယ-မြန်မာနယ်စပ်ရှိ PDF စခန်းကို အိန္ဒိယစစ်တပ်က ဗုံးကြဲတိုက်ခိုက်ဆိုတဲ့ အချက်လက်မှာ မှားယွင်းနေပါတယ်။ ဒါကြောင့် လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ပါတယ်။
Snow Queen အမည်ရှိ တယ်လီဂရမ်ချန်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကြား မဟုတ်မမှန် သတင်းတွေ နေ့စဥ်ရေးသားဖြန့်ချီနေတဲ့ စစ်ကောင်စီတပ် အားပေးထောက်ခံသူ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ အွန်လိုင်းပေါ်မှာ ပျံနှံ့နေတဲ့ သတင်းတွေကို ချက်ချင်း မယုံဘဲ ယုံကြည့်စိတ်ချရတဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်ဖတ်ရှူကြဖို့ တိုက်တွန့်ချင်ပါတယ်။