မတ် ၃ ၊ ၂၀၂၆
Zalen

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကန်စွန်းအင်း ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်နဲ့ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ မတ်လ ၃ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာဘက်သို့ ဦးတည်ပြီး လက်နက်ကြီးကျည် (၇) ချက်ထက်မနည်း ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
“ရွာဘေးပတ်ဝန်းကျင်မှာ ၇ ကြိမ်လောက် ပစ်တယ်။ ရွာအနီးအနားမှာ ကျပေါက်ကွဲတာရှိတယ်။ စုစုပေါင်း ၇ လုံးလောက်ရှိမယ်။လူထိခိုက်မှု မကြားဘူး။ ရွာဘက် ဖုန်းဆက်သွယ်ရေးလည်း ခက်ခဲတယ်”လို့ အောင်လံဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာ လူထိခိုက်ဒဏ်ရာရမှု မရှိသေးသော်လည်း ဆက်သွယ်ရေးလိုင်းတွေ ဖုန်းလိုင်း၊ အင်တာနက် အခက်ခဲရှိနေ၍ အသေးစိတ်ပျက်စီးဆုံးရှုံးမှုကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဆက်တိုက်ပစ်ခတ်မှုများကြောင့် ကန်စွန်းအင်းကျေးရွာရှိ ချင်းလူမျိုးတွေဟာ ထပ်မံပစ်ခတ်မှာကို စိုးရိမ်နေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
မတ်လ ၁ ရက်နေ့ကလည်း ကန်စွန်းအင်းရွာနှင့် ၃ မိုင်ခန့်ဝေးတဲ့ ဒါးစမ်း ရွာကို စစ်ကောင်စီက လက်နက်ကြီးကျည် ပစ်ခတ်ခဲ့ပြီး ဘုန်းကြီးကျောင်းအပါဝင် နေအိမ် ၃၀ နီးပါးပျက်စီးခဲ့ပါတယ်။
သတင်း-ဆလိုင်း
#အောင်လံမြို့နယ်#အရှိုချင်းကျေးရွာ#စစ်ကောင်စီ#လက်နက်ကြီးပစ်#Zalen

















