ဧရာဝတီတိုင်းမှာ ချင်းရေးရာဝန်ကြီးရနိုင်ဖို့ ချင်းလူဦးရေစာရင်းကောက်မယ်

ဧရာဝတီတိုင်းဒေသကြီးမှာ ချင်းရေးရာဝန်ကြီးရနိုင်ဖို့ ၂၀၂၀ ရွေးကောက်ပွဲအမှီ ချင်းတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးအသင်း-ဧရာဝတီတိုင်းဒေသကြီးဦးဆောင်ပြီး ချင်းလူမျိုးလူဦးရေစာရင်း ကောက်ခံသွားမယ်လို့ သိရပါတယ်။

၂၀၁၄ သန်ခေါင်စာရင်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ချင်းလူမျိုး (၁၂,၀၀၀)ကျော်ရှိတယ်လို့ဖော်ပြထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၆၁(ခ) အရ တိုင်းဒေသကြီးအတွင်းရှိ လူနည်းစု တိုင်းရင်းသားများသည် နိုင်ငံလူဦးရေ၏ သုည ဒဿမ တစ် ရာခိုင်နှုန်း (လူဦးရေ ၅၄,၀၀၀)ရှိပါက တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာရရှိနိုင်ပါတယ်။

ချင်းတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးအသင်း-ဧရာဝတီတိုင်းဒေသကြီး အတွင်းရေးမှူး ဆလိုင်းငွန်သင်မ်ဇမ်း(ခ)ဆလိုင်းသန့်စင်က “ချင်းလူဦးရေးစာရင်းက အစိုးရစာရင်းမှာ သုံးထောင်ကျော်ပဲရှိတယ်။ အဲ့ဒါ တစ်ရွာစာတောင်မရှိဘူး။ ၂၀၁၄ သန်ခေါင်စာရင်းမှာ (၁၂,၀၀၀) ကျော်ရှိတယ်။ ဒီလို ချင်းလူဦးရေစာရင်းနည်းက သန်ခေါင်စာရင်းကောက်တဲ့ချိန်မှာ ချင်းနာမည်မခံကြလို့၊ ပြီးတော့ အိမ်ထောင်စုစာရင်းလုပ်တဲ့ချိန်မှာ ဗမာ(ဗုဒ္ဓ)ဖြစ်ရင် လုပ်ရတာပိုလွယ်ဆိုလို့၊ မှတ်ပုံတင်တွေမှာ ချင်းနာမည်မတပ်ရဲလို့ဖြစ်တယ်။ တကယ်လိုက်ကောက်မယ်ဆိုရင်တော့ လေးသောင်းကနေ ငါးသောင်းလောက်ရှိမယ်လို့ခန့်မှန်းထားတယ်”လို့ပြောပါတယ်။

ဆက်လက်ပြီး “ချင်းတိုင်းရင်းသားရေးရာဝန်ကြီးမရလို့ ဘာတွေအခက်အခဲဖြစ်နေတာလဲဆိုရင် ချင်းအမျိုးသားနေ့တွေလုပ်ရင် အရင်ကတောရွာမှာ ဘုရားပွဲအဆင့်လောက်ပဲလုပ်ကြတယ်။ ချင်းရွာတွေမှာ လူမှုရေး၊ စီးပွားရေးပြဿနာဖြစ်ရင် ကရင်ကတော့ သူတို့ရေးရာဝန်ကြီးဆီမှာသွားဖြေရှင်းလို့ရတယ်။ ချင်းမှာတော့ အဲ့လိုသွားချဉ်းကပ်စရာမရှိဘူး။ တိုင်းလွှတ်တော်မှာ ချင်းအမျိုးသားနေ့နဲ့ ချင်းစာသင်ကြားရေးအတွက်ဘတ်ဂျက်တောင်းတော့ ကူညီဖို့ကတိတော့ပေးသွားတယ်။ ဒါပေမယ့် ချင်းရေးရာဌာနမရှိတော့ ပြဿနာဖြစ်တယ်။ ဒါကြောင့် ကရင်ရေးရာဝန်ကြီးကနေတဆင့် ဘတ်ဂျက်မျှဝေပေးတယ်”လို့ ဆလိုင်းငွန်သင်မ်ဇမ်း(ခ)ဆလိုင်းသန့်စင်ကပြောပါတယ်။

နိုဝင်ဘာ (၁၁)ရက် ချင်းတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးအသင်း-ဧရာဝတီတိုင်းဒေသကြီး ထုတ်ပြန်ကြေညာချက်ထဲမှာ ဧရာဝတီတိုင်းဒေသကြီးမှာနေထိုင်တဲ့ ချင်းတိုင်းရင်းသားလူဦးရေစာရင်း တိကျစွာကောက်ခံရေးဆိုတာလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ ဒါပေမယ့် သူတို့မှာ ငွေအင်အား၊ နည်းပညာ နဲ့ကောက်ခံရရှိတဲ့ လူဦးရေစာရင်းပေါ်အစိုးရရဲ့ အသိအမှတ်ပြုမှုတွေလိုအပ်နေပါတယ်။

ကိုယ်အစွမ်းရှိသမျှလုပ်ဆောင်သွားမယ်။ တကယ်အကောင်အထည်ဖော်လာရင် နောက်မျိုးဆက်တွေအတွက် ရင်အေးရတာပေါ့လို့ ဆလိုင်းသန့်စင်ကဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ချင်းလူမျိုးတွေဟာ မြို့နယ်(၈)မြို့နယ်မှာ ပြန့်နှံ့နေထိုင်ကြပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်