၂၀၂၅ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို ဗင်နီဇွဲလား ဒီမိုကရေစီအခွင့်ရေးလှုပ်ရှားသူ မာရီယာ ကော်ရီနာ မာချာဒို ကို  ချီးမြှင့်

အောက်တိုဘာ ၁၀၊ ၂၀၂၅

Zalen

ဗင်နီဇွဲလားနိုင်ငံ ဒီမိုကရေစီလှုပ်ရှားသူ အမျိုးသမီး မာရီယာ ကောရီနာ မာချာဒို ကို ၂၀၂၅ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်တယ်လို့ နော်ဝေ နိုဘယ် ကော်မတီက ဒီကနေ့ထုတ်ပြန်ပါတယ်။

မာရီယာ ကော်ရီနာ မာချာဒို ဟာ ဗင်နီဇွဲလားပြည်သူများအတွက် ဒီမိုကရေစီအခွင့်အရေးများကို မဆုတ်မနစ်ကြိုးပမ်းအားထုတ်ခဲ့ပြီး အာဏာရှင်စနစ်မှ တရားမျှတပြီး ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေးအတွက် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့မှုကြောင့် ဆုကို ချီးမြှင့်တာဖြစ်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ဦးဆောင်သူဖြစ်သူ မာချာဒို ဟာ မကြာသေးမီ လက်တင်အမေရိကတိုက်မှာ အရပ်ဘက်ဆိုင်ရာ စွမ်းပကားနဲ့ သတ္တိရဲ့ အထင်ရှားဆုံး စံနမူနာတစ်ဦးအဖြစ် ရပ်တည်လျက်ရှိပါတယ်။

မစ္စမာချာဒိုဟာ တချိန်က ပြင်းထန်စွာ ကွဲပြားခဲ့တဲ့ နိုင်ငံရေး အတိုက်အခံများကို လွတ်လပ်သော မဲပေးခွင့်နဲ့ ကိုယ်စားပြုအစိုးရ တည်ဆောက်ရေးဆိုတဲ့ ဘုံရည်မှန်းချက်အောက်မှာ အောင်မြင်စွာ ပေါင်းစည်းစေခဲ့တဲ့ ဦးဆောင်ပုဂ္ဂိုလ်ဖြစ်ပါတယ်။

နိုဘယ်ကော်မတီရဲ့ ပြောကြားချက်အရ “ကျွန်တော် သဘောထားကွဲလွဲနေပေမယ့် လူထုအုပ်ချုပ်ရေးရဲ့ မူဘောင်တွေကို ကာကွယ်ဖို့ အတူတကွ လက်မလျှော့ခြင်း” ဟာ ဒီမိုကရေစီရဲ့ အဓိကအချက်ဖြစ်ပြီး ဒီမိုကရေစီ ခြိမ်းခြောက်ခံနေရချိန်မှာ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရန်မှာ ပိုမိုအရေးကြီးတယ်လို့ ဆိုပါတယ်။

တစ်ချိန်က ဒီမိုကရေစီဆန်ပြီး ကြွယ်ဝခဲ့သော ဗင်နီဇွဲလားဟာ အခုအခါ လူသားအခွင့်အရေးချိုးဖောက်တဲ့ အာဏာရှင်စနစ်အောက်မှာ လူမှုရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံရဲ့ လူဦးရေ ၈ သန်းခန့်ဟာ နိုင်ငံကို စွန့်ခွာခဲ့ကြရပြီး အာဏာရှင်စနစ်က အတိုက်အခံများကို မဲမသမာမှု၊ တရားစွဲဆိုမှုနဲ့ ထောင်ချခြင်းတို့ဖြင့် စနစ်တကျ နှိမ်နင်းလျက်ရှိတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဖြစ်တဲ့ Smate ကို ပူးတွဲတည်ထောင်သူ မစ္စမာချာဒိုဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက “မဲစက္ကူက ကျည်ဆလုံးထက် ပိုအရေးကြီးသည်” ဟု ကြေညာခဲ့သူဖြစ်ပါတယ်။

သူမဟာ နိုင်ငံရေးလုပ်ဆောင်မှုတွေမှာ တရားစီရင်ရေး လွတ်လပ်မှု၊ လူ့အခွင့်အရေးနဲ့ ပြည်သူ့ကိုယ်စားပြုမှုများအတွက် နှစ်ရှည်လများ ပြတ်ပြတ်သားသား တောင်းဆိုခဲ့ပါတယ်။

၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သူမရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို အာဏာပိုင်များက တရားမဝင် ပယ်ဖျက်ခဲ့ပေမယ့် မာချာဒို ဟာ အခြားပါတီ ကိုယ်စားပြု Edmundo Gonzlez Urrutia ကို ထောက်ခံခဲ့ပါတယ်။

ရာနှင့်ချီသော စေတနာ့ဝန်ထမ်းတွေဟာ အန္တရာယ်ကြီးမားစွာဖြင့် မဲရုံများကို စောင့်ကြည့်ခဲ့ကြပြီး မဲရလဒ်များကို အာဏာပိုင်များ မဖျက်ဆီးနိုင်မီ မှတ်တမ်းတင်ခဲ့ကြပါတယ်။

အတိုက်အခံများ အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း နိုင်ငံတကာအား သက်သေပြနိုင်ခဲ့သော်လည်း အာဏာပိုင်အစိုးရက ရလဒ်ကို လက်မခံဘဲ အာဏာကို ဆက်လက်ထိန်းချုပ်ထားခဲ့ပါတယ်။

နိုဘယ်ကော်မတီက ဒီမိုကရေစီသည် ငြိမ်းချမ်းရေးအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ်ပြီး ကမ္ဘာပေါ်မှာ အာဏာရှင်စနစ်များ ဒီမိုကရေစီကို စိန်ခေါ်နေချိန်မှာ မာချာဒိုရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပြီး ပုန်းအောင်းနေထိုင်ဖို အတင်းကျပ် ခိုင်းစေခံရသော်လည်း နိုင်ငံတွင်း ဆက်လက်တည်ရှိဖို့ ရွေးချယ်ခဲ့တဲ့ မစ္စမာချာဒိုရဲ့ လုပ်ရပ်ဟာ သန်းပေါင်းများစွာတဲ့ ပြည်သူများကို စိတ်ဓာတ်ခွန်အား ဖြစ်စေခဲ့ပါတယ်။

သူမ ဟာ Alfred Nobel ရဲ့  ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးအတွက် သတ်မှတ်ထားသော စံနှုန်းသုံးချက်လုံးနဲ့ကိုက်ညီပြီး ဒီမိုကရေစီရဲ့ ကိရိယာတွေဟာ ငြိမ်းချမ်းရေးရဲ့ ကိရိယာများလည်း ဖြစ်တယ်လို့ သက်သေပြခဲ့သူဖြစ်ပါတယ်။

မာရီယာ ကော်ရီနာ မာချာဒို ဟာ ဗင်နီဇွဲလားပြည်သူများအတွက် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး ရရှိမယ့် အနာဂတ်အတွက် မျှော်လင့်ချက် သင်္ကေတတစ်ခုကို ကိုယ်စားပြုနေပါတယ်။

သတင်း – ဆလိုင်း

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက မတူပီမြို့ပေါ်ကို လေကြောင်းကနေ ဗုံးကြဲ

အောက်တိုဘာ ၁၀၊၂၀၂၅ Zalen ချင်းပြည်နယ် ၊ မတူပီမြို့ ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာ ၁၀ ရက် ၊ ည ၈ နာရီ၀န်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ ...

ဆက်ဖတ်ရန်