EV ကားများအပေါ် ကောက်ခံမည့် ၅ ရာခိုင်နှုန်းအခွန်မှာ အထူးကုန်စည်ခွန်တမျိုးတည်းသာ ဖြစ်ကြောင်း ၂၀၂၆ အခွန်ဥပဒေသစ်မှာ အတည်ပြု

မတ် ၁၈၊ ၂၀၂၆

Zalen

Zalen ad

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေ ထွက်ပေါ်လာပြီးနောက် လျှပ်စစ်ကား (EV) တွေပေါ် အခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည်ဆိုတဲ့ သတင်းနဲ့ပတ်သက်၍ အများပြည်သူအကြား ရောထွေးမှုတွေ ရှိနေပါတယ်။

အဆိုပါ ၅ ရာခိုင်နှုန်းဆိုသည်မှာ အခွန်စုစုပေါင်းကို ဆိုလိုတာ မဟုတ်ဘဲ အထူးကုန်စည်ခွန် (ST) တစ်မျိုးတည်းကိုသာ ဆိုလိုခြင်းဖြစ်တယ်လို့ ကားလောကသားတွေ ထောက်ပြပြောဆိုကြပါတယ်။

ပုံမှန်အားဖြင့် ပြည်ပမှ မော်တော်ယာဉ်တစ်စီး တင်သွင်းရာတွင် အဓိကပေးဆောင်ရတဲ့ အခွန် (၅) မျိုးရှိပြီး အကောက်ခွန်၊  ကုန်သွယ်လုပ်ငန်းခွန် ၊ အထူးကုန်စည်ခွန်၊ ယာဉ်မှတ်ပုံတင်ကြေး (ကညနခ) နဲ့ ဝင်ငွေခွန် တို့ ဖြစ်ကြပါတယ်။

ယခင်က EV ကားများ တင်သွင်းရာမှာ ဝင်ငွေခွန်မှအပ ကျန်အခွန်အခကို ကင်းလွတ်ခွင့် ပေးထားခဲ့ပေမဲ့ ယခုထုတ်ပြန်ချက်အရ အထူးကုန်စည်ခွန် (ST) ကို ကင်းလွတ်ခွင့် မပြုတော့ဘဲ ၅ ရာခိုင်နှုန်း စတင်ကောက်ခံတော့မည်လို့ သိရပါတယ်။

ကျန်ရှိနေတဲ့ အကောက်ခွန် နဲ့ ကုန်သွယ်ခွန် တို့ကို ဆက်လက်ကင်းလွတ်ခွင့်ပေး၊ မပေးကိုမူ တိတိကျကျ မသိရသေးဘဲ အကယ်၍ ကင်းလွတ်ခွင့် မရရှိတော့ပါက အခွန်အမျိုးအစားအလိုက် ရာခိုင်နှုန်းအသီးသီးကို ထပ်မံပေးဆောင်ရဖွယ် ရှိနေပါတယ်။

ဒါ့ကြောင့် လာမည့် ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းမှာ ဝယ်ယူမည့် EV ကားတစ်စီးရဲ့ တန်ဖိုးမှာ လက်ရှိဈေးအပြင် အသစ်ကောက်ခံလာမည့် အခွန်အခတွေကိုပါ ထည့်သွင်းတွက်ချက်ရတော့မည် ဖြစ်ပါတယ်။

အရေးကြီးတဲ့ သတိပေးချက်တစ်ခုအနေဖြင့် လက်ရှိ ဝယ်ယူထားပြီးသော EV ကားတွေဟာ ဆိပ်ကမ်းမှ ထုတ်ယူစဉ်က အခွန်ကင်းလွတ်ခွင့် ရရှိထား ပေမဲ့ ကညနမှာ ယာဉ်မှတ်ပုံတင်ခြင်း  မပြုလုပ်ရသေးပါက၊ ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း သတ်မှတ်ချက်အသစ်များအရ မှတ်ပုံတင်ကြေး (ကညနခ) ပေးဆောင်ရနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။

မိမိတို့ဝယ်ယူမည့် EV ကားများအတွက် အခွန် ၅ ရာခိုင်နှုန်းဆိုသည်မှာ အထူးကုန်စည်ခွန် (ST) တစ်မျိုးတည်းအတွက်သာ ဖြစ်ကြောင်းကို သေချာစွာ သိရှိနားလည်ထားဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ-Chat GPT

#EV #ကားများ#အထူးကုန်စည်ခွန်#၂၀၂၆အခွန်ဥပဒေသစ်#Zalen

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်