မတ် ၂၁၊ ၂၀၂၆
Zalen
မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူတွေအနေနဲ့ စံချိန်စံညွှန်းကိုက်ညီပြီး အခွန်အခပေးဆောင်ထားတဲ့ ဖုန်းတွေကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန်အတွက် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို မတ်လ ပထမပတ်မှစတင်၍ အကောင်ထည်ဖော် ဆောင်ရွက်နေပြီလို့ သိရပါတယ်။
CEIR နဲ့ EIR စနစ် စီမံကိန်းဦးစီးကော်မတီရဲ့ ထုတ်ပြန်ချက်အရ ဒီစနစ်ကို ကျင့်သုံးခြင်းဖြင့် နိုင်ငံတော်သို့ ကျသင့်တဲ့အခွန်တွေ ပေးဆောင်ထားတဲ့ ဖုန်းတွေကိုသာ ကွန်ရက်အတွင်း ခွင့်ပြုပေးသွားမည်ဖြစ်ပါတယ်။

သုံးစွဲသူများအနေဖြင့် မိမိတို့ဝယ်ယူအသုံးပြုတဲ့ ဖုန်းတွေဟာ တရားဝင်တင်သွင်းထားခြင်းရှိမရှိကို ယုံကြည်စိတ်ချစွာ စစ်ဆေးအသုံးပြုနိုင်တော့မည်ဖြစ်ပါတယ်။
မိုဘိုင်းလက်ကိုင်ဖုန်းများနဲ့ မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးပစ္စည်းများကို ပြည်ပမှ တင်သွင်းလိုတဲ့ ကုမ္ပဏီအနေနဲ့ တရားဝင် သွင်းကုန်လိုင်စင်ကို ကြိုတင်လျှောက်ထားရယူရမည်ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်သို့ ကျသင့်တဲ့ အခွန်အရပ်ရပ်ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပေးဆောင်ရမည်ဖြစ်ပါတယ်။
အခွန်ပေးဆောင်ပြီးပါက သက်ဆိုင်ရာဖုန်းများကို CEIR စနစ်ရှိ ခွင့်ပြုစာရင်းထဲသို့ ထည့်သွင်းပေးသွားမည်ဖြစ်ပြီး၊ ထိုစာရင်းဝင်ဖုန်းများသာ ပြည်တွင်းကွန်ရက်တွေမှာ အသုံးပြုနိုင်မည်ဖြစ်ပါတယ်။
ဒါကြောင့် မိုဘိုင်းဖုန်းနဲ့ ဆက်သွယ်ရေးပစ္စည်း တင်သွင်းသူများအနေနဲ့ တရားဝင် သွင်းကုန်လိုင်စင် လျှောက်ထားရန်နဲ့ အခွန်ပေးဆောင်ရန် လိုအပ်ပါတယ်။
တရားမဝင် တင်သွင်းလာတဲ့ ပစ္စည်းတွေကို CEIR စနစ်မှတဆင့် ကန့်သတ်သွားဖွယ်ရှိကြောင်း သက်ဆိုင်ရာ ကော်မတီမှ အသိပေးနှိုးဆော်ထားပါတယ်။
သတင်း-ဆလိုင်း

















