မတ် ၂၁၊ ၂၀၂၆
Zalen
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက လေဆိပ်ရှေ့မှာ ကားနဲ့ ဆိုင်ကယ်တွေကို တားပြီး လိုင်စင်နံပါတ်ပြားပေါ်က စုံ / မ ဂဏန်းတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

မတ်လ ၂၀ရက် မနေ့က စတင်ပြီး ကားနဲ့ ဆိုင်ကယ် တွေကို စုံ/မ ဂဏန်းတွေကို စစ်ဆေးနေတာ ဖြစ်ပြီး ဖမ်းဆီးတာတွေ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
” ပညာပေးကာလလို့ ပြောတာပဲ၊ လောလောဆယ် စုံနေ့မှာ စုံထွက်၊ မ နေ့ မထွက်ပေါ့။ တခြားနေရာတွေတော့ မတွေ့မိဘူး၊ လေဆိပ်ရှေ့မှာ တားပြီး စစ်တာ တွေ့တယ်။ ” လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။
ဆိုင်ကယ်ကိုသာ အဓိက အားထား သွားလာနေရတဲ့ ကလေးမြို့မှာ ဆိုင်ကယ်တွေကို စုံ/မခွဲ သွားလာခိုင်းရင် သွားရေးလာရေး အဆင်မပြေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီတပ်ဟာ အီရန်စစ်ရေးကြောင့် စက်သုံးဆီချွေတာရေးဆိုပြီး ကိုယ်ပိုင်ယာဉ်တွေကို လိုင်စင်ပါ နံပါတ်ဂဏန်း စုံ/မခွဲကာ မောင်းနှင်ခွင့် ကန့်သတ်လိုက်တာပါ။
လက်ရှိမှာ ရန်ကုန်မြို့၊ မန္တလေးနဲ့ တခြား မြို့ကြီး တွေမှာ စက်သုံးဆီ ဈေးတက်လာပြီး ဆီရဖို့ မနက် ၃ နာရီက စတန်းစီ ဆီထည့်နေကြရပါတယ်။
ကလေးမြို့မှာတော့ ဓာတ်ဆီ တစ်လီတာ ၆၁၅၀ ကျပ် ပေး၀ယ်ယူနေရပြီး ပုံမှန်အနေအထားအတိုင်း ဓာတ်ဆီ ၀ယ်ယူလို့ရနေသေးတယ်လို့ သိရပါတယ်။
Helen
ဓာတ်ပုံ-လူမှုကွန်ယက်
#ကလေးမြို့#ဆိုင်ကယ်#လိုင်စင်နံပါတ် #စုံ၊မ #Zalen

















