မတ် ၂၇၊ ၂၀၂၆။
Zalen

ဂျာမန်သုတေသီတဦးရဲ့ စမ်းသပ်ချက်အရ ChatGPT လို AI မော်ဒယ်တွေဟာ အဓိပ္ပါယ်မရှိတဲ့ စာသားတွေကိုတောင် စာပေအရည်အသွေးကောင်းတယ်လို့ သတ်မှတ်နိုင်ခြေရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်က AI ကို အပြည့်အဝ ယုံကြည်အသုံးပြုမှုအပေါ် သတိထားရန် လိုအပ်ကြောင်း ပြသနေပါတယ်။
သုတေသီ ခရစ္စတော့ဖ် ဟိုက်လစ်ဂ်က ရိုးရှင်းလွယ်ကူတဲ့ စာကြောင်းတခုနဲ့ စမ်းသပ်မှုကို စတင်ခဲ့ပြီး နောက်ပိုင်းမှာ နည်းပညာဝေါဟာရများ၊ စာပေစကားလုံးများ၊ အဓိပ္ပါယ်မရှင်းတဲ့ စကားစုများကို တဖြည်းဖြည်း ထည့်သွင်းခဲ့ပြီးစမ်းသပ်မှုလုပ်ခဲ့ပါတယ်။
အဲ့နောက် AI ကို စာပေအရည်အသွေးအလိုက် အမှတ်ပေးခိုင်းခဲ့ကြည့်ရာ အဓိပ္ပါယ်မရှိသလောက် ရှုပ်ထွေးပြီး စာကြောင်းမရှင်းတဲ့ စာသားများကိုတောင် အမှတ်မြင့်ပေးခဲ့တာကို တွေ့ရပါတယ်။
ဒီအချက်က AI ဟာ အဓိပ္ပါယ်ကို နားလည်ပြီး အကဲဖြတ်တာထက် စကားလုံးပုံစံ၊ စာပေစတိုင်ကောင်းမွန်မှုကို ပိုမိုထောက်ထားပေးနိုင်ကြောင်း ပြသနေပါတယ်။
သုတေသီများက ယနေ့ခေတ်မှာ AI ကို စာစစ်ခြင်း၊ အကဲဖြတ်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းတို့တွင် ပိုမိုအသုံးပြုလာတာကြောင့် လူသားတွေရဲ့ ကြီးကြပ်မှုမရှိဘဲ AI ကိုပဲအားထားပြီးအသုံးပြုပါက အမှားများ ဆက်တိုက် ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။
အထူးသဖြင့် AI ကို AI ကိုယ်တိုင် အကဲဖြတ်ခိုင်းခြင်း သို့မဟုတ် သုတေသနစာတမ်းများ စစ်ဆေးရာတွင် အသုံးပြုခြင်းက အဓိပ္ပါယ်မရှိတဲ့အရာတွေကိုတောင် အရည်အသွေးကောင်းတယ်လို့ ဆက်လက် အတည်ပြု သွားနိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။
အဆိုပါ သုတေသနရဲ့ အဓိက သဘောတရားမှာ AI ဟာ အသုံးဝင်သော်လည်း လူသားတယောက်လို အမြဲမှန်ကန်မှာ မဟုတ်ကြောင်းနဲ့ လူသားတွေရဲ့ ကြီးကြပ်မှုနှင့်အတူသာ အသုံးပြုသင့်သော နည်းပညာတရပ် ဖြစ်တယ်လို့ဆိုပါတယ်။
Zaya Moon
Photo- Google
#AI#ChatGPT#Zalen



















