Amazon ကုမ္ပဏီကြီးမှ ဝန်ထမ်း ၁၄,၀၀၀ ကို အလုပ်မှလျှော့ချ၊ နောက်ထပ်လျှော့ချမှုများ ရှိလာနိုင်

အောက်တိုဘာ ၂၉၊ ၂၀၂၅

Zalen

ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးထဲ တစ်ခုဖြစ်တဲ့ Amazon ဟာ ကုန်ကျစရိတ်တွေ လျှော့ချ့ဖိုနဲ့ ဉာဏ်ရည်တု (AI) နည်းပညာ ပေါ်မှာ ပိုမိုအာရုံစိုက်ရေးအတွက် ကော်ပိုရိတ်ဝန်ထမ်း ၁၄,၀၀၀ ခန့် အလုပ်မှ လျှော့ချမယ့်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

Amazon ရဲ့ အကြီးတန်းဒုတိယဥက္ကဋ္ဌ Beth Galetti ရဲ့ ထုတ်ပြန်ချက်အရ ဝန်ထမ်းလျှော့ချမှုတွေဟာ လုပ်ငန်းလည်ပတ်မှုတွေ ပိုမိုပေါ့ပါးသွက်လက်စေဖို့၊ အဆင့်ဆင့်သော ဗျူရိုကရေစီများကို လျှော့ချဖို့၊ ကုမ္ပဏီရဲ့ အရေးကြီးဆုံး ရည်မှန်းချက်တွေနဲ့ AI နည်းပညာကဲ့သို့သော ဦးစားပေးကဏ္ဍတွေမှာ အရင်းအမြစ်တွေ ပြန်လည်ဖြန့်ခွဲဖို့အတွက် ဆောင်ရွက်တာလို့ ဆိုပါတယ်။

Zalen ad

Amazon ရဲ့ အမှုဆောင်အရာရှိချုပ် Andy Jassy ကလည်း ယခင်ကပင် AI နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာမှုကြောင့် နောင်နှစ်အနည်းငယ်အတွင်း ကော်ပိုရိတ်ဝန်ထမ်းအင်အား လျော့ကျလာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားထားပါတယ်။

ဝန်ထမ်းလျှော့ချမှုတွေဟာ နည်းပညာကဏ္ဍမှာ AI ကြောင့် ဝန်ထမ်းအင်အားကို အစားထိုးလာတဲ့ လမ်းကြောင်းသစ်ကို ပြသနေပါတယ်။

လျှော့ချမှုတွေဟာ လူ့စွမ်းအားအရင်းအမြစ် (PXT), Devices and Services, Operations, Communications နဲ့ podcasting အပါအဝင် ဌာနအများအပြားကို သက်ရောက်မှုရှိမယ်လို့ သိရပါတယ်။

Amazon ဟာ ၎င်းရဲ့ လုပ်ငန်းဆောင်တာတွေမှာ”ပိုမိုထိရောက်မှုရှိသော နေရာများ” ကို ရှာဖွေသွားမယ်ဖြစ်တာကြောင့် နောက်ထပ် အလုပ်လျှော့ချမှုများ ရှိလာနိုင်ပြီး လျှော့ချမှုပမာဏဟာ ၎င်းတို့ရဲ့ ကော်ပိုရိတ်ဝန်ထမ်းအင်အားစုရဲ့ ၄ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုမယ်ဖြစ်ပါတယ်။

အလုပ်မှ လျှော့ချခံရတဲ့ ဝန်ထမ်းအများစုကို Amazon အတွင်းမှာ ရာထူးအသစ်များ ရှာဖွေနိုင်ဖို့ ရက်ပေါင်း ၉၀ အချိန်ပေးမယ် ဖြစ်ပါတယ်။

အလုပ်အသစ်မရရှိသူများ သို့မဟုတ် ရှာဖွေရန် ဆန္ဒမရှိသူများအတွက် နစ်နာကြေး (Severance Pay)၊ အလုပ်ရှာဖွေရေး အကူအညီနဲ့ ကျန်းမာရေး အာမခံ အကျိုးခံစားခွင့်များ အပါအဝင် အကူးအပြောင်းဆိုင်ရာ အထောက်အပံ့များ ပေးအပ်သွားမယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Amazon ဟာ ၂၀၂၂-၂၀၂၃ ခုနှစ်များအတွင်း အကြိမ်ကြိမ် လှိုင်းလုံးများဖြင့် စုစုပေါင်း ဝန်ထမ်း ၂၇,၀၀၀ ခန့်ကို အလုပ်မှ ထုတ်ပယ်ခဲ့ဖူးရာ ယခုတစ်ကြိမ်ဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး လျှော့ချမှုများထဲမှ တစ်ခုဖြစ်ပါတယ်။

သတင်း-ခူမီး

နောက်ဆုံးရသတင်းများ

မျိုးပွားကာလဖြစ်လို့ တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမပြုဖို့ CDF-Thantlang အသိပေး

မတ် ၂ ၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်း တောရိုင်းတိရစ္ဆာန်များကို မျိုးပွား ကာလဖြစ်လို့ မသတ်ဖြတ်ကြဖို့ ထန်တလန်မြို့နယ်ကောင်စီ/ CDF-Thantlang က အသိပေးထုတ်ပြန်ထားပါ တယ်။ ထုတ်ပြန်ချက်ထဲမှာ လတ်တလောအချိန်ဟာ ...

ဆက်ဖတ်ရန်