ML/စက်တင်ဘာ ၁၁၊ ၂၀၂၃
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမိတ်ကျေးရွာနေ CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့်လေဖြတ်ဝေဒနာသည်တစ်ဦးကို စက်တင်ဘာ ၈ရက်နေ့မှာ စစ်ကောင်စီကအကြောင်းမဲ့ သတ်ပစ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံသိရသည်။
တမူး-ကလေးကားလမ်းဘေး နမွန်းတားကျေးရွာကိုဖြတ်ကာ ပြီးခဲ့သည့် စက်တင်ဘာ ၈ရက်နေ့မနက် ၆နာရီခန့်မှစတင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား၂၀၀ကျော်ခန့််ရှိသော စစ်ကောင်စီတပ်သည် ခမိတ်ကျေးရွာထဲဝင်ရောက်နေချိန် လယ်တောမှပြန်လာသော အသက်၂၉နှစ််အရွယ် CDM ကျန်းမာရေးမှူးဖြစ်သည့် ကိုသားငယ်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ သေနတ်ဒဏ်ရာ ၃ချက်ဖြင့် နေရာတွင်ပင်သေဆုံးခဲ့သည်။
အသက် ၄၈နှစ်အရွယ် လေဖြတ်ဝေဒနာသည် ဦးသောင်းခိုရမ်းကိုလည်း နေအိမ်ထဲဝင်ရောက်ပစ်ခတ်သွားခဲ့သောကြောင့် နေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံများက ဆိုပါသည်။
“ရွာထဲဝင်ပြီး အိမ်တွေကိုဖျက်ဆီးတယ်။ ရွာသားတွေရဲ့ ပစ္စည်းတွေကိုလည်း တစ်ချို့ယူသွားတယ်။ တစ်ချို့ဖျက်ဆီးပစ်တယ်။ ခမိတ်ရွာသား ၂ယောက်နဲ့ ရန်ငြိမ်းအောင်ရွာသား ၄ယောက်ကိုဖမ်းခေါ်သွားတယ်။ ရန်ငြိမ်းအောင်ရွာသား ၄ယောက်ကိုတော့ပြန်လွှတ်ပေးပါတယ်။ ခမိတ်ရွာသား၂ယောက်ကတော့ ရှင်လားသေလား မသိရသေးဘူး” ဟု ခမိတ်ရွာသား တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် စက်တင်ဘာ ၈ရက်နေ့ နေ့လည် ၁နာရီခန့်တွင် ခမိတ်ရွာထဲမှ ပြန်လည်ထွက်ခွာသွားပြီး တမူးမြို့နယ်၊ ပန်းသာကျေးရွာတွင်အထိုင်ချထားကြောင်း သိရပါသည်။