Chinland ကောင်စီ အခွန်စနစ်အသစ် ပြဋ္ဌာန်း၊ ဝင်ငွေ ၁ သိန်းအောက် ကင်းလွတ်ခွင့်ရ

မတ် ၂၊ ၂၀၂၆

Zalen

Zalen ad

Chinland ကောင်စီဟာ ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲရေးအဖြစ် အခွန်စနစ်အသစ်တရပ်ကို ထုတ်ပြန် လိုက်ကြောင်း သိရပါတယ်။ အဆိုပါ ဉပဒေကို ဒုတိယအကြိမ်၊ ချင်းပြည် (Chinland) လွှတ်တော်၊ ပထမ ပုံမှန်အစည်းအဝေးရဲ့ လွှတ်တော် က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်အရ ဝင်ငွေအလိုက် အဆင့်လိုက် အခွန်ကောက်ခံတဲ့စနစ်ကို အကောင်အထည် ဖော်မယ်လို့ သိရပါတယ်။

ချင်းပြည် (Chinland) လွှတ်တော်ရဲ့ ကြေညာချက်မှာ ဝင်ငွေ ၁ သိန်းကျပ်အောက်ရှိသူများကို အခွန်ကင်းလွတ်ခွင့်ပေးထားပြီး၊ ဝင်ငွေတိုးလာသလို ရာခိုင်နှုန်းအလိုက် တိုးမြှင့်ကောက်ခံမည်ဟု ဖော်ပြထားပါတယ်။ ဝင်ငွေ ၁ သိန်းမှ ၃ သိန်းအတွင်း ၁ ရာခိုင်နှုန်း၊ ၃ သိန်းမှ ၅ သိန်းအတွင်း ၂ ရာခိုင်နှုန်း၊ ၅ သိန်းမှ ၁၀ သိန်းအတွင်း ၃ ရာခိုင်နှုန်းနဲ့ ၁၀ သိန်းအထက်တွင် ၅ ရာခိုင်နှုန်းအထိ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းများအတွက်လည်း လုပ်ငန်းအမျိုးအစားနှင့် အမြတ်အစွန်းအပေါ် မူတည်ပြီး သီးခြားနှုန်းထားများ သတ်မှတ်ထားပါတယ်။ မော်တော်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် စက်ယန္တရားများ (ဥပမာ – JCB၊ Backhoe) အတွက် နှစ်စဉ်လိုင်စင်ကြေးနှင့် သက်ဆိုင်ရာအခွန်များ ပါဝင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

‌ ချင်းပြည်ကောင်စီဘက်က အခွန်မှ ရရှိမည့် ဝင်ငွေများကို လမ်း၊ တံတားဆောက်လုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများနဲ့ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများတွင် အသုံးပြုသွားမည်ဟု ပြောကြားထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင်အချို့က လုပ်ငန်းကုန်ကျစရိတ် တိုးလာနိုင်ကြောင်း သုံးသပ်ကြသော်လည်း ဝင်ငွေနည်းသူများအတွက် သက်သာမှုရှိတယ်လို့ မြင်သူများလည်း ရှိနေပါတယ်။ စနစ်အသစ်ရဲ့ အကောင်အထည်ဖော်မှုနှင့် အကျိုးသက်ရောက်မှုများကို လာမည့်ကာလအတွင်း ဆက်လက် စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ထုတ်ပြန်လိုက်တဲ့ ၂၀၂၆ ခုနှစ် ချင်းပြည်အခွန်အကောက်ဥပဒေကို စောင့်ကြည့်လေ့လာနေသူ ပလက်ဝမြို့ဒေသခံတဦးဖြစ်တဲ့ အိုက်ကျော်(စစ်တွေတက္ကသိုလ်ကျောင်းသားဟောင်း) က “အခုထုတ်ပြန်တဲ့ ဥပဒေကို ကြည့်ရင် အစိုးရယန္တရား စတင်လည်ပတ်ဖို့ ကြိုးစားနေတယ်လို့ မြင်ရပါတယ်။ တဖက်မှာလည်း ပြည်သူတွေရဲ့ အခက်အခဲကို ထည့်တွက်ထားတာတွေ တွေ့ရပါတယ်” ဟု ဆိုပါတယ်။

ယင်းလေ့လာသူက ဆက်လက်ပြီး “ဝင်ငွေ ၁ သိန်းအောက်ကို ကင်းလွတ်ခွင့်ပေးထားတာက ဝင်ငွေနည်းသူတွေအတွက် သက်သာစေနိုင်ပါတယ်။ အခွန်ဝင်ငွေတွေကို ဒေသတွင်း ၆၅ ရာခိုင်နှုန်း ပြန်လည်အသုံးပြုမယ်ဆိုတဲ့အချက်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် ‌အားရစရာဖြစ်ပါတယ်” ဟု ဆိုပါတယ်။

ဒါ့ပြင် “ဆိုင်ကယ်အသုံးပြုသူတွေထံက ဘီးခွန်မကောက်ခံတာ၊ ဝါးအိမ်တွေကို အနည်းဆုံးနှုန်းထား သတ်မှတ်ပေးထားတာတွေဟာ မြေပြင်အခြေအနေကို ထည့်တွက်ထားတယ်လို့ မြင်ပါတယ်။ စစ်ဘေးရှောင်တွေနဲ့ ကျဆုံး/ထိခိုက်သူ မိသားစုတွေကို ကင်းလွတ်ခွင့်ပေးထားတာကလည်း အပြုသဘော ဆောင်တဲ့အချက်ပါ” ဟု ဆိုသည်။

သို့သော် “ဥပဒေကောင်းမွန်စေချင်ရင် လက်တွေ့ကောက်ခံရာမှာ တာဝန်ရှိသူတွေက အဂတိကင်းကင်းနဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ဖို့ လိုပါတယ်။ ပြစ်ဒဏ်ပိုင်းမှာလည်း ပြည်သူတွေကို အပြစ်ပေးဖို့ထက် အသိပညာပေးပြီး ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်သင့်ပါတယ်” ဟု သုံးသပ်ပြောကြားခဲ့ပါတယ်။

မိုင်နွေဦး၊ဆလိုင်း

ဓာတ်ပုံ-လူမှုကွန်ယက်

#Chinlandကောင်စီ #အခွန်စနစ်သစ် #ပြဋ္ဌာန်း#Zalen

ဆက်ဖတ်ရန်