ဇူလိုင်လ ၂၁ ရက်
Zalen
ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဥက္ကဋ္ဌ နဲ့ စစ်ကောင်စီတို့ ပူးပေါင်းခြင်း လျှိုဝှက်လက်မှတ်ရေးထိုးဆိုတဲ့ စာရွက်တစ်ရွက်ဟာ အင်တာနက် လူမှုကွန်ရက်ပေါ်မှာ ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့မနက်မှာ ပျံ့နှံ့လာပြီး လူစိတ်ဝင်စားမူ မြင့်တက်နေပါတယ်။
ပျံ့နှံ့လာတဲ့ စာရွက်ပေါ်မှာ”နိုင်ငံတော်အုပ်ချုပ်ရေး စစ်ကောင်စီ၊ စစ်ဗျူဟာအခြေချ ဟားခါး စစ်ဗျူဟာမူး၊ဗိုလ်မှူးကြီး စိုးဝင်းထွန်း ဟားခါးခြေစိုက် ခမရ-၂၆၆ တပ်ရင်းမှ ဗိုလ်မှူး အာကာကျော်မိုးနှင့် ချင်းအမျိုးသား တပ်ဦး (CNF/A) တို့ကြား အပစ်ခတ် ရပ်စဲပြီး လိုအပ်သည့် အကူအညီများထောက်ပံ့များ ကူညီပေးရန် ဖော်ပြပါများ အချက် ၅ ချက်ဖြင့် သဘောတူခဲ့ပါသည်။”လို့ တွေ့ရပါတယ်။
အဲဒီစာရွက်ကို Follower သိန်းနဲ့ချီရှိတဲ့ ဒေသတွင်း ဖေ့စ်ဘွတ် စာမျက်နှာတွေ၊ ဖေ့စ်ဘွတ်အကောင့်တွေမှာ ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး မြန်မာ၊ ချင်းဘာသာတို့နဲ့ ရေးသားဖော်ပြကြပြီး Reaction ပေးသူတွေ Comments ပေးသူတွေ၊ Sharing လုပ်ထားသူတွေ ထောင်နဲ့ချီရှိပါတယ်။
စာရွက်ဖြန့်ဝေနေကြတဲ့ မူရင်းလင့်
T media
Chin media
ချင်းမလေး
Chin Global News
Aung N Htwe
စိစစ်တွေ့ရှိချက်
=========
CNF/CNA ဥက္ကဋ္ဌ နဲ့ စစ်ကောင်စီတို့ ပူးပေါင်းခြင်း လျှိုဝှက်လက်မှတ်ရေးထိုးဆိုတဲ့ ဆက်စပ် သတင်းတွေကို လွတ်လပ်ပြီး ယုံကြည့်စိတ်ချရတဲ့ ချင်းသတင်းဌာနတွေနဲ့ မြန်မာသတင်းဌာနတွေမှာ ရေးသားဖော်ပြထားတာ မတွေ့ရှိရပါဘူး။
CNF/CNA အနေနဲ့ စစ်အာဏာသိမ်းပြီးနောက် NCA လမ်းကြောင်းကို စွန့်လွှတ်လိုက်သည့်အပြင်၊ စစ်ကောင်စီတပ်ဖွဲ့ တချို့ကို စစ်မြေပြင်မှာ စစ်ရေးဗျူဟာအရ လက်နက်ချ အလင်းဝင်စေရေး ဖိအားပေးပြောဆိုမှုမှအပ စစ်ကောင်စီလက်အောက်ရှိ မည်သည့်အဖွဲ့၊ ပုဂ္ဂိုလ်နဲ့မျှ ဆက်သွယ်စကားပြောခြင်း၊ စာချုပ်ချုပ်ဆိုခြင်းများ မရှိခဲ့ပါကြောင့် CNF/CNA က ထုတ်ပြန်ထားပါတယ်။
CNF/CNA အတွင်းဝန်ရုံး ရဲ့ ထုတ်ပြန်ချက်
CNF/CNA နဲ့ စစ်ကောင်စီတို့ ဆွေးနွေးထားခြင်းမရှိကြောင်း၊ အခုတလော ချင်းအဖွဲ့တွေကြားမှာ ဖြစ်နေတဲ့ အငြင်းပွါးမှုကြောင့် တဖက်က မဟုတ်မမှန် ဝါဒဖြန့် နေကြတာဖြစ်တယ်လို့ CNF/CNA ပြောခွင့်ရ ဆလိုင်းထက်နီက ဆိုပါတယ်။
“သူတို့စာကို ကြည့်လိုက်ရင် သိသာပါတယ်။ စာခေါင်းစဉ်က အုပ်ချုပ်ရေး၊ လက်မှတ်ထိုးတာက စစ်တပ်က ထိုးတာလေ။ စစ်တပ်က ထိုးရင်စာခေါင်းစဉ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဖြစ်ရမှာပေါ့။ နောက်ပြီး နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ တပ်မတော်လို့ သုံးနှုန်းထားတယ်။ အဲဒါ စကစ အသုံးအနှုန်း မဟုတ်ဘူး။ စကစ က မြန်မာ့တပ်မတော် ပဲ သုံးနှုန်းတာလေ။ ဒီတော့ လုပ်ကြံဖန်တီးတဲ့ အတုအပတွေပါ။” လို့ CNF/CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။
ဒီလို စွပ်စွဲတာက CNF/CNA က NCA လမ်းကြောင်းအတိုင်း စစ်တပ်နဲ့ နိုင်ငံရေး ဆွေးနွေးခဲ့ဘူးတဲ့ဟာကို မဆီမဆိုင်ပြန်ကောက်ပြီး ပြည်သူနဲ့ CNF/CNA အကြား ဝေဝါးအောင် လုပ်နေကြတာဖြစ်သလို CNF ဟာ နိုင်ငံရေး ဦးတည်ချက် ယုံကြည်ချက် အခိုင်အမာနဲ့ နွေဦးတော်လှန်ရေးမှာ ယုံကြည်ချက်တူညီတဲ့ တော်လှန်ရေး ဘက်တော်သားတွေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆလိုင်းထက်နီက ဆိုပါတယ်။
ချင်းပြည်နယ်မှာ CNF/CNA နဲ့ စစ်ကောင်စီတို့ ပူးပေါင်းခြင်း လျှိုဝှက်လက်မှတ်ထိုးဆိုတာ မဖြစ်နိုင်ဘူးလို့ ချင်းနိုင်ငံရေးသုံးသပ်သူတစ်ဦးက ဆိုပါတယ်။
“ကျတော်တို့ CNF/CNA ဆိုတာ စစ်တပ်အာဏာသိမ်းပြီး NCA လမ်းကြောင်းကို စွန့်လွတ်ခဲ့တာပေါ့။ ပြီးတော့ နိုင်ငံရေးအရ၊ စစ်ရေးအရ စစ်ကောင်စီကို ဒီနေ့ထိ ဖိအားပေးနေတာဖြစ်သလို ချင်းပြည်နယ်မှာလည်း စကစ ထိန်းချုပ်ဧရိယာ သိပ်မရှိတော့ဘူး။ ဒီလိုအခြေအနေမျိုးမှာ CNF/CNA နဲ့ စစ်ကောင်စီတို့ ပူးပေါင်းခြင်း လျှိုဝှက်လက်မှတ် ရေးထိုးတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။” ချင်းနိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
ဒါဟာ တစ်ဦးတစ်ယောက်က ရည်ရွက်ချက်ရှိရှိ မဟုတ်လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
သုံးသပ်ချက်
=======
အထက်ပါ CNF/CNA ရဲ့ ထုတ်ပြန်ချက်နဲ့ တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေရဲ့ ပြောဆိုချက်အရ CNF/CNA နဲ့ စစ်ကောင်စီတပ်တို့ ပူးပေါင်းခြင်း လျှို့ဝှက်လက်မှတ်ရေးထိုးဆိုတာ မတွေ့ရဘဲ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။
အခုတလော ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ အငြင်းပွားမူကြောင့် ထောက်ခံသူတွေတချို့က လူမူကွန်ရက်ပေါ်ကနေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကို မဟုတ်မမှန် သတင်းတွေ ရေးသားဖြန့်ဝေနေတာရှိပါတယ်။
စာဖတ်ပရိသတ်တွေနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံနေတဲ့သတင်းတွေကို ချက်ချင်း မယုံကြည်ကြဘဲ လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ သတင်းတွေဖတ်ရှူဖို့ တိုက်တွန်းချင်ပါတယ်။