အောက်တိုဘာ ၂၃၊ ၂၀၂၅
Zalen
ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့အပြည်ပြည်ဆိုင်ရာတရားရုံး-ICJ ဟာ အစ္စရေးအနေနဲ့ ဂါဇာကမ်းမြှောင်သို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့ခြင်းကို ခွင့်ပြုပေးရမယ်လို့ အမိန့်ချမှတ်လိုက်ပါတယ်။
အောက်တိုဘာ ၂၂ ရက်နေ့က အစ္စရေးရဲ့ ဂါဇာအကူအညီ ကန့်သတ်မှုများဟာ နိုင်ငံတကာ ဥပဒေတာဝန်များကို ဖောက်ဖျက်ရာရောက်ကြောင်း ICJ က တရားဝင် ဆုံးဖြတ်ထောက်ပြခဲ့ပါတယ်။
တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ အစ္စရေးဟာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆိုင်ရာ အေဂျင်စီ (UNRWA) အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ပံ့ပိုးပေးသော ကယ်ဆယ်ရေးအစီအစဉ်များကို လက်ခံပြီး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။
တရားရုံးဥက္ကဋ္ဌ တရားသူကြီး ယူဂျီ အီဝါဆာဝါ (Yuji Iwasawa) က “အစ္စရေးသည် ကုလသမဂ္ဂနဲ့ ၎င်း အဖွဲ့အစည်းများ၊ UNRWA အပါအဝင်တို့မှ ပံ့ပိုးတဲ့ ကယ်ဆယ်ရေးအစီအစဉ်များကို သဘောတူပြီး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရန် တာဝန်ရှိတယ်”လို့ ပြောကြားခဲ့ပါတယ်။
တရားရုံးရဲ့ တွေ့ရှိချက်အရ အစ္စရေးဟာ သိမ်းပိုက်ထားသော အင်အားစုအနေဖြင့် ဂါဇာရှိ အရပ်သားလူထုအတွက် လိုအပ်သော အကူအညီများ အလုံအလောက် ထောက်ပံ့ပေးနိုင်ခြင်း မရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် တရားရုံးဟာ အစာငတ်မွတ်မှုကို စစ်လက်နက်အဖြစ် အသုံးပြုခြင်းကို တားမြစ်ထားတဲ့ နိုင်ငံတကာဥပဒေဆိုင်ရာ တာဝန်ကိုပါ အစ္စရေးအား သတိပေးခဲ့ပါတယ်။
အထူးသဖြင့် အစ္စရေးဟာ UNRWA အဖွဲ့အစည်းအပေါ် ဟားမတ်စ်နဲ့ ပတ်သက်မှုရှိသည်ဟု စွပ်စွဲကာ အကူအညီပေးရေး လုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်ဆိုင်းခဲ့ပေမဲ့ ICJ က အစ္စရေးဟာ ၎င်းရဲ့ စွပ်စွဲချက်များအတွက် ခိုင်လုံသော အထောက်အထားများ ပြသနိုင်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
တရားရုံးက UNRWA ဟာ ဂါဇာကမ်းမြှောင်ရှိ လူသားချင်းစာနာမှု ကယ်ဆယ်ရေးလုပ်ငန်းများအတွက် “မရှိမဖြစ်လိုအပ်သော အဖွဲ့အစည်း” ဖြစ်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။
ICJ ရဲ့ ဆုံးဖြတ်ချက်အပေါ် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းတို့ဟာ နိုင်ငံတကာဥပဒေများကို အပြည့်အဝလိုက်နာကြောင်း ပြောဆိုကာ၊ တရားရုံးရဲ့ အကြံဉာဏ်ပေးချက်ကို “နိုင်ငံရေးအရ ဘက်လိုက်မှုရှိသော” ဆုံးဖြတ်ချက်အဖြစ် ပြတ်ပြတ်သားသား ပယ်ချခဲ့ပါတယ်။
အစ္စရေးအစိုးရဟာ အကြမ်းဖက်လှုပ်ရှားမှုများနဲ့ ပတ်သက်မှုရှိသည်ဟု စွပ်စွဲထားတဲ့ အဖွဲ့အစည်း နဲ့ ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။
ICJ ရဲ့ အကြံဉာဏ်ပေးချက်ဟာ ဥပဒေအရ စည်းနှောင်မှု အပြည့်အဝမရှိပေမဲ့ နိုင်ငံတကာဥပဒေအရ ကြီးမားသော ကိုယ်ကျင့်တရားနဲ့ ဥပဒေရေးရာ အလေးချိန်ရှိပါတယ်။ ၎င်းဆုံးဖြတ်ချက်ဟာ ဂါဇာအရေးနဲ့ပတ်သက်၍ အစ္စရေးအပေါ် နိုင်ငံတကာဖိအားများကို သိသိသာသာ မြှင့်တင်ပေးနိုင်ဖွယ်ရှိပြီး၊ ဂါဇာရှိ အငတ်ဘေးကြုံတွေ့နေရသော အရပ်သားများအတွက် အရေးပေါ်လိုအပ်နေတဲ့ အကူအညီများ ပိုမိုဝင်ရောက်လာစေဖို့ တွန်းအားပေးလိုက်ခြင်း ဖြစ်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ကလည်း ၎င်းဆုံးဖြတ်ချက်ကို “အရေးပါသော ဆုံးဖြတ်ချက်” ဟု ခေါ်ဆိုခဲ့ပြီး အစ္စရေးအနေဖြင့် လိုက်နာဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
သတင်း-ဆလိုင်း