ဇန်နဝါရီ ၉၊ ၂၀၂၆
Zalen
Mytel ဆက်သွယ်ရေးကုမ္ပဏီ နဲ့ မိုင်တဲလ်ကိုယ်စားလှယ်တွေ၊ လက်လီအရောင်းဆိုင်တွေရဲ့ စာမျက်နှာပေါင်း ၁,၀၀၀ ကျော်ကို Facebook က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးကွန်ရက်ရဲ့ အွန်လိုင်းတည်ရှိမှုအပေါ် ကြီးစွာ ထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့ JFM က ဆိုပါတယ်။

အခုလို ဖယ်ရှားမှုဟာ Facebook လူမှုကွန်ရက်ရဲ့ မိခင်ကုမ္ပဏီ Meta က ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချမှတ်အကောင်အထည်ဖော်ခဲ့တဲ့ မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပင်တဲ့ Facebook မူဝါဒနဲ့လည်း ကိုက်ညီတယ်လို့ ဖော်ပြပါတယ်။
မိုင်တဲလ်ကို Facebook ကနေ ဖယ်ရှားခဲ့ပေမယ့်လည်း ကုမ္ပဏီဟာ စာမျက်နှာသစ်တွေဖွင့်လှစ်ကာ ပိတ်ပင်မှုကို ရှောင်ရှားခဲ့သလို ကိုယ်စားလှယ်တွေနဲ့အရောင်းဆိုင်တွေရဲ့ အကောင့်တွေဟာ အခုအချိန်ထိ ဆက်လည်ပတ်နေတာကြောင့် JFM က အခုတစ်ပတ်အတွင်း Facebook ထံ သတင်းပို့တိုင်ကြားခဲ့တယ်လို့ JFM က ဆိုပါတယ်။
Mytel ရဲ့ အပ်ပလီကေးရှင်းတွေကို Google Play Store နဲ့ Apple App Store တို့မှာ လက်ခံပေးထားတဲ့ Alphabet နဲ့ Apple တို့ အပါအဝင် တခြားနည်းပညာကုမ္ပဏီတွေအနေနဲ့ Mytel အပေါ် ပိတ်ပင်အရေးယူမှုတွေ ဆောင်ရွက်ကြဖို့လည်း JFM က တောင်းဆိုထားပါတယ်။
Mytel အမည်နဲ့ လုပ်ကိုင်နေတဲ့ Telecom International Myanmar ကို စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global ကော်ပိုရေးရှင်းနဲ့ မြန်မာခရိုနီတွေရဲ့ ဦးပိုင်ကုမ္ပဏီတစ်ခုတို့က ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ Mytel လုပ်ငန်းလည်ပတ်မှု ၅ နှစ်ကနေ ၉ နှစ်အတွင်း သူတို့ရဲ့ ရှယ်ယာပိုင်ဆိုင်မှုကနေ အမေရိကန်ဒေါ်လာ သန်း ၂၇၀ ထိ ရရှိနိုင်ဖွယ်ရှိပြီး အဲဒီနောက်ပိုင်း ၅ နှစ်အတွင်း နောက်ထပ် ဒေါ်လာ သန်း ၄၅၀ ခန့်ထပ်မံရရှိနိုင်သလို ဒါဟာ စစ်တပ်နဲ့ ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေအတွက် ကြီးမားတဲ့ ဝင်ငွေရပေါက်ကြီးတစ်ခု ဖြစ်လာစေတယ်လို့ ဆိုပါတယ်။
Mytel ကုမ္ပဏီဟာ စစ်ကောင်စီထံ အခွန်ဝင်ငွေတွေနဲ့ နည်းပညာတွေပေးအပ်နေပြီး၊ စောင့်ကြည့်ထောက် လှမ်းခြင်းနဲ့ သတင်းအချက်အလက် စိစစ်ဖြတ်တောက်ခြင်းတွေကိုလည်း ကူညီပံ့ပိုးပေးနေပြီး စစ်တပ်ရဲ့ အဓိကထောက်တစ်ခုဖြစ်နေတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ် ဆက်လက်ကျူးလွန်နေရှိတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို Mytel ကအားပေးကူညီနေတယ်လို့ JFM က ထောက်ပြပါတယ်။
Mary


















