နို၀င်ဘာ ၂၄၊ ၂၀၂၅
Zalen
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်း ဦးညီညီမင်းတို့အား တိုင်ကြားမှုနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီး တိုင်ကြားခံရတဲ့ သူတွေကိုလည်း နို၀င်ဘာလ ၂၂ ရက်နေ့ကစပြီး တာ၀န်ကနေ ယာယီရပ်နားထားတယ်လို့ NUG က ဒီကနေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါတိုင်ကြားမှုကို အရေးယူပေးရန် နိုဝင်ဘာလ ၁၉ ရက် ၊ရက်စွဲဖြင့် နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ် နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌတို့ ထံသို့ လိပ်မူထားပေမယ့် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အီးမေးလ်သို့ ရောက်လာခြင်းမရှိဘူးလို့ဆိုပါတယ်။
ဒါပေမယ့် နိုင်ငံတော်အကြီးအကဲဖြစ်သူ ယာယီသမ္မတထံရောက်ရှိတဲ့အတွက် အဆိုပါကိစ္စကို ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခြင်း အမိန့်ထုတ်ပြန် ဖွဲ့စည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် တိုင်ကြားသူများ၊ တိုင်ကြားခံရသူများ၊ နှစ်ဖက်သက်သေတင်ပြမှုများရှိပါက တင်ပြတဲ့သက်သေများ၊ တိုင်ကြားမှုနှင့်ပတ်သက်ပြီး စစ်ဆေးရန်လိုအပ်တဲ့သက်သေများကို ခေါ်ယူစစ်ဆေးမှုအမြန်ဆုံးဆောင်ရွက်ပြီးတွေ့ရှိချက်များ၊ အကြံပြုချက်များကို ဝန်ကြီးချုပ်ထံ ပြန်လည်တင်ပြရန် တာဝန်ပေးအပ်ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် ဆောင်ရွက်ရန်ရှိတဲ့လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်တာကြောင့် စစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – ညီစေ
ဓာတ်ပုံ – လူမှုကွန်ရက်
#NUG#ဒေါ်ကြည်ပြာ#အဂတိလိုက်စားမှု#စုံစမ်းစစ်ဆေး#Zalen

















