ကလေးမြို့၊ စက်မှုဇုံအနီးမှာ ရဲ နှစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ဆေးရေးတွေ တင်းကြပ်နေ

မေ ၁၄၊ ၂၀၂၆

Zalen

Zalen ad

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆိုင်ကယ်နဲ့ကင်းလှည့်လာတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့၀င် နှစ်ဦး ပစ်ခတ်ခံရပြီး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၂ ရက်နေ့မှာ ညနေပိုင်းမှာ ကလေးမြို့ကနေ ကိုးမိုင်ဘက်ကို လာတဲ့ ရဲ နှစ်ဦးကို စက်မှုဇုံလမ်းခွဲအနီးမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာပါ။

သေဆုံးသူ‌သွားတဲ့ အလောင်းတွေကို စစ်ကောင်စီဘက်က ပြန်သယ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်က စက်မှုဇုံအနီး ပတ်ဝန်းကျင်မှာ လုံခြုံရေးတွေ တင်းကြပ်ထားပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးရေးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

” ညနေပိုင်းမှာ ၈ မိုင်နားလေးက စက်မှုဇုံလမ်းခွဲနားမှာ ပစ်ကြတာ၊ ဆိုင်ကယ်စီးလာတဲ့ ရဲနှစ်ယောက်လုံး ပွဲ ချင်းပြီး သေသွားတယ်။ အဲဒီလို ဖြစ်ပြီး မကြာဘူး၊ စစ်သားတွေ ရောက်လာပြီး အဲဒီနားတွေမှာ နေရာယူထားပြီး လိုက်စစ်နေတော့တာပဲ။ ” လို့ ဒေသခံတဦးက ပြောပါတယ်။

ကလေးတက္ကသိုလ်ရှေ့က ရှစ်မိုင်ဂိတ်မှာ လမ်းသွားလမ်းလာတွေကို တားဆီးပြီး ဆိုင်ကယ်တွေ၊ ဖုန်းတွေနဲ့ ပါလာတဲ့ ပစ္စည်းတွေကို အသေးစိတ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မေလ ၁၃ ရက်နေ့ညပိုင်းမှာလည်း စက်မှုဇုံအနီးမှာ သေနတ် ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ကလေးမြို့နယ်အတွင်း စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပြီး ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုတော့ အခုထိ သတင်းထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

ကလေးမြို့နယ်ဟာ အာဏာသိမ်းပြီးစကတည်းက လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ဒေသတစ်ခုဖြစ်သလို စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ် တွေကြား မြို့ပြပြောက်ကျားတိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွား

ဇွန် ၂၅၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ အန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလမ်း ကလေး-တမူးလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်းသွားတယ်လို့ ဒေသခံများထံမှသိရပါတယ်။ ဇွန်လ ၇ရက်နေ့ကစပြီး ကလေး-တမူးလမ်းပိုင်းကို စစ်ကောင်စီတပ်များက အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် အဲဒီလမ်းပိုင်းမှာ ...

ဆက်ဖတ်ရန်