
ဇွန် ၂၄၊ ၂၀၂၆
Zalen
မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ အခြေခံပညာသင်ယူခွင့် ဆုံးရှုံးနေသူ ၆ ဒသမ ၃ သန်းကျော် ရှိနေတယ်လို့ ISP-Myanmar ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိပညာသင်နှစ်အတွင်း အဆင့်မီပညာရေးကို မျှော်မှန်းနိုင်ခြင်းမရှိတဲ့အပြင် အခြေခံပညာရေးလက်လှမ်းမီမှုမှာ အကြီးအကျယ် အကျပ်တည်းဖြစ်ပေါ်နေပါတယ်။
၂၀၁၉ နဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်အရ မြန်မာနိုင်ငံမှာ ကျောင်းနေအရွယ် ကလေးဦးရေ ၁၃ သန်းခန့် ရှိနေပါတယ်။

ဒါပေမဲ့လည်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၇ သန်းသာရှိသဖြင့် ကျောင်းကို စွန့်ခွာရသူ ၆ ဒသမ ၃ သန်းကျော် ရှိနေကြောင်း တွေ့ရပါတယ်။
အလားတူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူဦးရေမှာလည်း ၂၀၂၀ ခုနှစ်မှာ ၉ သိန်းကျော် ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်မှာ ၂ သိန်းခွဲဝန်းကျင်အထိ သိသာစွာ ကျဆင်းသွားပါတယ်။
ပညာရေးစနစ်မှာ မူဝါဒဆိုင်ရာ အတားအဆီးတွေကလည်း ကျောင်းသား/သူတွေကို ထပ်မံအခက်တွေ့စေပါတယ်။
အစိုးရကျောင်းတွေက အတန်းဝင်ခွင့်စာမေးပွဲမှာ အသက် ၁၅ နှစ်အထိသာ ကန့်သတ်ထားတာဟာ အထက်တန်းအရွယ် ကျောင်းပြန်တက်လိုသူတွေအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်နေပါတယ်။
ဒါ့ပြင် စစ်ဘေးရှောင်ရင်း ဒေသပြောင်းရွှေ့လာရသူများမှာလည်း ကျောင်းထွက်လက်မှတ်နဲ့ ပြောင်းရွှေ့လက်မှတ်တွေ ထုတ်ယူဖို့ ခက်ခဲတဲ့အတွက် ကျောင်းအပ်နှံခွင့် ဆုံးရှုံးနေကြပါတယ်။
စီးပွားရေးအခြေအနေအရလည်း ကျောင်းသား/သူများစွာမှာ ကျောင်းစွန့်ခွာနေရပါတယ်။
ကုန်စျေးနှုန်းကြီးမြင့်တာ၊ မိသားစုဝင်ငွေနည်းပါးတာနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် လက်လုပ်လက်စား မိသားစုများမှာ စာရေးကိရိယာ ဝယ်ယူဖို့ မတတ်နိုင်တော့တဲ့ အခြေအနေသို့ ရောက်ရှိနေပါတယ်။
ဒါ့ပြင် မိသားစုကို ကူညီဖို့အတွက်ဖြစ်စေ၊ နိုင်ငံခြားကို ထွက်ခွာအလုပ်လုပ်ကိုင်ဖို့အတွက်ဖြစ်စေ ကျောင်းကို စွန့်ခွာသူအရေအတွက်မှာလည်း များပြားလျက်ရှိပါတယ်။
အစိုးရဘက်က ပညာရေးဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲမယ်လို့ ပြောကြားထားပေမယ့်လည်း လက်တွေ့မှာ အားနည်းချက်များစွာ ရှိနေပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ပညာရေးအတွက် ၆ ဒသမ ၉၂ ရာခိုင်နှုန်း သုံးစွဲမယ်လို့ဆိုပေမဲ့လည်း ၂၀၂၀-၂၀၂၁ ခုနှစ်က သုံးစွဲခဲ့တဲ့ ၈ ဒသမ ၀၇ ရာခိုင်နှုန်းကို ပြန်လည်မရောက်ရှိသေးပါဘူး။
အပြောသာရှိပြီး ခိုင်မာသော ပြုပြင်ပြောင်းလဲရေး အစီအမံတွေ မမြင်တွေ့ရသေးတဲ့အတွက် ပညာရေးကဏ္ဍမှာ ဆက်လက်ယိုယွင်းနေဆဲဖြစ်ပါတယ်။
ပဋိပက္ခဒေသတွေမှာလည်း ပညာရေးကို အစားထိုးသင်ကြားပေးဖို့ ကြိုးပမ်းမှုတွေ ရှိနေပါတယ်။
NUG ရဲ့ ကြားကာလပညာရေးအစီအမံတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပညာရေးကောင်စီတွေက ဆောင်ရွက်မှုတွေ ရှိပေမဲ့လည်း စစ်ရေးတင်းမာမှု၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အခြေခံအဆောက်အအုံ ပျက်စီးမှုတွေကြောင့် အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။
စစ်ရေးအခြေအနေတွေကြောင့် စာသင်ကျောင်းပေါင်း ၂၀၀ ခန့် ပိတ်လိုက်ရပြီး ကျောင်းအပ်နှံမှုနှုန်းမှာလည်း ၅၀,၀၀၀ ဝန်းကျင်အထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။
သတင်း-ဆလိုင်း















