ကလေးမြို့၊ စျေးထဲမှာ ပန်းပန်တဲ့အမျိုးသမီး၂၀ ကျော် ဖမ်းခံရ

ဇွန်၊၁၉ရက်၊၂၀၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ ညောင်ပင်သာရပ်ကွက်မှာတည်ရှိတဲ့ မြို့မစျေးမှာ ပန်းပန်တဲ့ အမျိုးသမီး ၂၀ ကျော်ကိုစစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။

ဒီနေ့ဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ပြီးတော့ ပြည်သူတရပ်လုံးအနေနဲ့ပန်းပန်တာတွေ၊သီ ချင်းဆိုတာတွေလုပ်ဖို့ တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။ ဒီလိုလှုပ်ဆော်မှုကြောင့် ဒီနေ့မှာ စစ်ကောင်စီတပ်သားတွေက ပန်းပန်တဲ့အမျိုးသမီးတွေကို ဖမ်းတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ဒီနေ့ ဇွန်၁၉ ရက် နံနက်၈ နာရီလောက်ကနေ အရပ်ဝတ်နဲ့ရောက်လာပြီးတော့ မြို့မစျေးမှာ စျေးရောင်းတဲ့စျေးသည်တွေနဲ့စျေးလာဝယ်တဲ့ အမျိုးသမီးတွေကိုဖမ်းဆီးသွားတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။  

နေအိမ်ကနေမြို့မစျေးကို စျေးလာဝယ်တဲ့အမျိုးသားတဦးပြောတာက “ဖမ်းခံရတာက အမျိုးသမီးတွေ ပန်းပန်လို့တဲ့ဗျာ။ အရပ်ဝတ်တွေနဲ့ရောက်လာပြီး တစျေးလုံးပတ်ဖမ်းတာ နှစ်ဆယ်ကျော်ပါတယ်။  ကျနော့်မိန်းမလဲပါသွားတယ်။ အခုထိထပ်ဖမ်းနေတုန်း” လို့ပြောပါတယ်။

သူတို့အားလုံးကို အရပ်ဝတ်နဲ့ရောက်လာနဲ့စစ်ကောင်စီတပ်သားတွေက မြို့မရဲစခန်းကို ​ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့မျက်မြင်တွေ့သူတွေကပြောပါတယ်။ ဒီသတင်းမေးမြန်းချိန်အထိစစ်ကောင်စီတပ်သားတွေက မြို့မစျေးအနီးတဝိုက် အရပ်ဝတ်နဲ့လှည့်လည်နေပြီးတော့၊ ပန်းပန်လာတဲ့အမျိုးသမီးတွေကို ဆက်လက်ဖမ်းဆီးနေတုန်းလို့လဲစျေးသူစျေးသားတွေကပြောကြပါတယ်။

မြို့မစျေးက စျေးသည်တစ်ဦးပြောတာက “ထမင်းစားထားတယ်မို့လား၊ပန်းပန်တာက ရာဇဝတ်မှုလား၊စဥ်းစား၊စဥ်းစား”လို့ပြောပါတယ်။

 ကလေးမြို့မှာတော့ ဒီလအတွင်းမမယ်ရီဆန်း၊ ကိုပေါင်ဆွမ်းခွာလ်၊မစုစုဝင်း၊ ကိုနိုင်ထွေး၊ကိုဟန်ဇလမ်းတို့လဲဖမ်းဆီးခံထားရတယ်လို့​ဒေသခံတွေကပြောပါတယ်။

နောက်ဆုံးရသတင်းများ

တော်လှန်ရေး ၄ နှစ်ပြည့်အထိန်းအမှတ်အဖြစ် မတူပီမြို့နယ် CDM ကော်မတီမှ အချက် ၃ ချက်ပါသဘောထား ထုတ်ပြန်

၇၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်ကောင်စီက လက်နက်အားကိုးပြီး မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ် အဖြစ် မတူပီမြို့နယ် CDM ကော်မတီက အချက် ၃ ချက်ပါ သဘောထားကို ဒီကနေ့ထုတ်ပြန်ထားပါတယ်။ ...

ဆက်ဖတ်ရန်