ချင်းပြည်နယ် နှင့် နွေဦးတော်လှန်ရေး

Salai Stevernity

နွေဦးတော်လှန်ရေးနှင့် ပတ်သက် ပြီး ချင်းပြည်သူ (လက်နက်ကိုင် နှင့် လက်နက်မကိုင်) များ ရဲ့ စကစ ကင်းစင်ရေး လုပ်ဆောင်ချက်များသည် အားရစရာကောင်းလှပါတယ်။ လေးနှစ်အတွင်းမှာ ချင်းပြည်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်သောနယ်မြေနှင့်မြို့များသည် ပြည်သူ့လက်ထဲသို့ ရောက်ရှိ နေပြီဆိုတာ ဝမ်းသာစရာဖြစ်ပါတယ်။

ကျနော်တို့ချင်းအမျိုးသားများသည် သမိုင်းအဆက်ဆက် မိမိမျိုးနွယ်စုသူကြီးများဦး​ဆောင်မှု အောက်မှာ မျိုးနွယ်စုအလိုက် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ Confederation စံစံ ဒီမြေမှာနေ ဒီရေသောက်ရင်း သီးခြားစီလွတ်လပ်စွာ နေထိုင်ခဲ့ကြသူများဖြစ်ပါတယ်။ သူတပါးနယ်​မြေကို သွား ပြီးမကျုး​ကျော်သလို မိမိနယ်​မြေကျုး​ကျော်လာပြီဆိုရင်လဲ တိကျပြတ်သားစွာအ​ရေးယူတတ်သူ များဖြစ်ပါတယ်။ နယ်ချဲ့ဗြိတိသျှရောက်လာတဲ့အခါ ရရာလက်နက်ဆွဲကိုင်ပြီး မိမိနယ်​မြေကျုး ကျော်လာသူ မှန်သမျှကို တော်လှန်ခဲ့ကြပါတယ်။ ၁၈၈၆၊ ၁၈၉၀၊ ၁၈၉၂၊ ၁၉၁၇ စသည့်နှစ်များမှာ ကမ္ဘာ့ သမိုင်းတွင်​လောက်​အောင် ချင်းအမျိုးသားများရဲ့ ခုခံ​တော်လှန်ခြင်းကို နယ်ချဲ့ဗြိတိသျှတပ်များ ခံခဲ့ရပါ တယ်။

၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ (United Nations) ဖွဲ့စည်းတည်ထောင်တဲ့အခါ  ကိုလိုနီနိုင်ငံ များသည် မိမိသိမ်းယူထားသောနိုင်ငံများကို အမြန်ဆုံးပြန်ပေးရမည်ဖြစ်ကြောင်း သဘောတူခဲ့ကြ ပါတယ်။ ဒါ့ကြောင့် ဗမာပြည်ဝန်ကြီးချုပ် ဦးအောင်ဆန်းက ဗမာပြည်လွတ်လပ်ရေး နှင့်ပတ်သက် ပြီး တိုင်ပင်ဆွေးနွေးရန် အိမ်နီးချင်းများကို ဖိတ်ကြားတဲ့အခါ ချင်းခေါင်းဆောင်များ မဆိုင်းမထွ သွား ရောက်ခဲ့ကြပါတယ်။ ရိုးသားသူများပီပီ ဗမာပြည်လွတ်လပ်ရေးရရိုနိုင်ဖို့ တတ်နိုင်တဲ့ဘက်က ပါဝင် ပေးမည်ဆိုကာ ဗမာပြည်နှင့် ပြည်ထောင်စုနိုင်ငံတော်တည်ထောင်ရန် ကချင်၊ ရှမ်း ခေါင်းဆောင်များ နှင့်အတူ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင်ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ကိုလိုနီဗြိတိသျှ သည် ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက် တွင် အိန္ဒိယအား ကမန်းကတမ်း လွတ်လပ်ရေးပေးပြီး ၁၉၄၇ ခုနှစ် အောက်တိုဘာ လမှာ ပြည်ထောင်စုနိုင်ငံတော်အသစ်ကို လွတ်လပ်ရေးပေးရန်စီစဉ်ထားသော်လည်း ယတြိယာအရ ဗမာပြည် အစိုးရရွှေးချယ်တဲ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် နက်နံ ၄ နာရီ မှာလွတ်လပ်ရေးပေးခဲ့ပါတယ်။

လွတ်လပ်​ရေးရပြီး တစ်လအတွင်းမှာ ချင်းပြည်နယ်မြို့​တော်ဖြစ်ခဲ့တဲ့ ဖလမ်းမြို့မှာ ချင်းကိုယ်စား လှယ်များတက်​ရောက်ကာ Confederation အစဉ်အလာနှင့် လူမျိုးခြားများရဲ့ အအုပ်ချုပ်ခံ ဘဝမ ရောက်ချင်လို့ ဗြိတိသျှကို ရရာလက်နက်ဆွဲကိုင်ပြီး ခုခံတိုက်ခဲ့တဲ့ ချင်းမျိုးနွယ်စုခေါင်းဆောင် သူကြီး စံနစ်ကိုဖြတ်သိမ်းပြီး ပြည်ထောင်စုအစိုးရ တိုက်ရိုက်အုပ်ချုပ်တဲ့ ဝိဒေသတိုင်း (Chin Hills Special Division) အဖြစ်ရပ်တည်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုကာလအတွင်း ချင်းခေါင်းဆောင်များ အကြား ပြည်ထောင်စုနိုင်ငံတော်သစ်မှာ ဒီမိုကရေစီအရေးပြောဆိုမျှော်လင့်နေကြပေမဲ့ ပြည် ထောင်စုအစိုးရထဲမှာ ဆိုရှယ်လစ်စံနစ် နှင့် ကွန်မြူနစ်စံနစ် လိုလားတဲ့အဖွဲ့နှစ်ဖွဲ့ကြားပစ်ခတ်မှုများ ရှိနေပြီဖြစ်ပါတယ်။ ဗမာနှင့် ပင်လုံစာချုပ်ချုပ်တဲ့ ကချင်၊ ချင်း၊ ရှမ်း များက​တော့ Burma Constitution 1948, Chapter X, Article 202 မှာပြဌာန်းထားတဲ့ လွတ်လပ်​ရေးရပြီးလို့ ပြည်​ထောင်စုမှာ ဆက်မပါလိုလျှင် (၁၀) နှစ်ပြည့်တဲ့အခါ နဂိုအတိုင်းသီးခြားပြန်​နေလို့ရတယ် ဆိုတာကို စောင့်​နေရင်း ဗမာအချင်းချင်း ပစ်ခတ်ကြတာစောင့်ကြည့်​နေခဲ့ရပါတယ်။

(၁၀) နှစ်ပြည့်တဲ့အချိန်မှာ ပြည်ထောင်စုမှာ ဆက်မပါလိုသူများ ဘာမျှလုပ်လို့မရအောင် ဝန်ကြီးချုပ် ဦးနုက နိုင်ငံ​တော်အာဏာကို တပ်ချုပ် ဗိုလ်ချုပ်ကြီး​နေဝင်း ထံအပ်နှင်းကာ ပြည်ထောင်စုဖွဲ့ခဲ့တဲ့ ကချင်၊ ချင်း၊ ရှမ်း လူမျိုးများရဲ့ ရပိုင်ခွင့်များ အပါအဝင် ရှမ်း​စော်ဘွား၊ ကချင်ဒူမဂမ်၊ ချင်းသူကြီး များရဲ့ အာဏာကို ဗိုလ်ချုပ်ကြီး​နေဝင်း အမိန့်​ဖြင့် ၁၉၅၉ ခုနှစ် ဧပြီလ ၂၉ ရက်မှာ ဖျက်သိမ်းခဲ့ပါ​တယ်။ ဒါသည် ပင်လုံစာချုပ်ရဲ့ နိဂုံး (သို့) ပြည်ထောင်စုနိုင်ငံတော်ရဲ့အနှစ်သာရ အပြီးသတ်ပွဲပဲ ဖြစ်ပါတယ်။  အစိုးရ အဆက်ဆက်မှာ ပင်လုံကတိကဝတ်များကို လစ်လျူရှု့ခဲ့ကြတယ်။ ပြည်သူအများက NLD ကို မျှော်လင့်ခဲ့ကြပေမဲ့ စကစ အာဏာသိမ်းတဲ့အထိ တိုင်းရင်းသားများနှင့် ပတ်သက်လာရင် NLD မှာ လည်း တိကျရေရာတဲ့မူဝါဒမရှိခဲ့ပါဘူး။

ချင်းသမိုင်းတကွေ့ တနေရာမှာ အမှားကြီးမှားခဲ့တဲ့အဖြစ်သည် ချင်းလူမျိုးတိုင်း သိနားလည်ရမည့် အရေးကြီးတဲ့သမိုင်းတရပ်ဖြစ်ပါတယ်။ ချင်းပြည်ရှိလက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရာဖြစ်တဲ့ Chin Brotherhood (CB) နှင့် Chinland Council အနေဖြင့် ချင်းပြည်သမိုင်း ပြန်လည်လှပဖို့ရန်  ချင်းပြည်နှင့်ပြည်သူအတွက် ရေရာတဲ့မူဝါဒရှိဖို့လိုအပ်ပါတယ်။ တော်လှန်ရေးလုပ်ရခြင်းရဲ့ ရည်ရွယ် ချက်သိထားဖို့လိုသလို နိုင်ငံရေးရည်မှန်းချက် ရူပါရုံ (political vision) လည်းရှင်းရှင်းလင်းလင်း ရှိဖို့ လိုအပ်ပါတယ်။ တကယ်တမ်းကျတော့ CB နှင့် CC အပါအဝင် ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကို မျှ ပြည်သူရွှေးချယ်တင်မြောက်ထားတာ မဟုတ်ပါဘူး။ စကစ ကိုမကြိုက်လွန်းတဲ့ ပြည်သူများက စကစ တိုက်ထုတ်နိုင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းကို ထောက်ခံအားပေးရင်း စကစ ကိုတိုက်ဖို့ ပြည်သူ့  blessing mandate ရထားသူများသာဖြစ်ပါတယ်။ ချင်းပြည်သူများရဲ့ အားပေးထောက်ခံမှု ရရှိနေတဲ့ ယခုတလောအချိန်မှာ ချင်းပြည်သူများအတွက်  နိုင်ငံရေးရည်မှန်းချက် ထုတ်ပြောဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့များ ရဲ့ လုပ်ပိုင်ခွင့်အာဏာအရင်းမြစ်သည် လက်နက်မဟုတ်ပါဘူး၊ ပြည်သူများသာဖြစ်ပါတယ်။ NUCC မှာပါဝင်နိုင်ခြင်း၊ NUG ရဲ့ထောက်ခံ အသိမှတ်ပြုမှုရရှိခြင်း၊  စကစနှင့်သဘောတူညီမှုရရှိခြင်းစသည်တို့ကို လုပ်ပိုင်ခွင့်အာဏာအရင်း မြစ် (the source of power and authority) ဟုယူဆမိကာ အထက်ဖားအောက်ဖိလုပ်ရပ်မျိုး ပြုလုပ် မည်ဆိုပါက the silent majority များငြိမ်သက်နေမည်မဟုတ်ပါ။ ထို့အပြင် လက်နက်အားကိုးပြီး ပြည်သူ့ဆန္ဒမပါပဲ အုပ်ချုပ်ဖို့ ကြိုးစားသူကတော့ ပြည်သူ့ blessing mandate ဆုံးရှုံးခြင်း နှင့် ရင်ဆိုင် ရမှာဖြစ်ပါတယ်။

စစ်ရေးမှာအားကိုးထိုက်တဲ့ တော်လှန်ရေးဦးဆောင်သူများသည် နိုင်ငံရေးမှာလည်းအားကိုးစိတ်ချ ရတဲ့ခေါင်းဆောင်များအဖြစ် ချင်းပြည်သူများက မြင်ချင်ပါတယ်။ ချင်းပြည်မြေဧရိယာသည် Netherland ထက်ပိုကြီးပါတယ်၊ Israel ထက်လည်းပိုကြီးပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများ ထက်ပိုကြီးတဲ့မြေ ကျနော်တို့မှာရှိပါတယ်။ ထို့အတူ နိုင်ငံတကာတက္ကသိုလ်ဘွဲ့ရ ပညာတတ်၊ နည်းပညာတတ်၊ စီပွါးရေးပညာတတ် နှင့် အတွေးအခေါ်ပညာရှင်များလည်း ရှိနေပြီဖြစ်ပါတယ်။ ဘိုးဘွားများထားပေးခဲ့တဲ့ လွတ်လပ်တဲ့မြေကို သူတပါးအုပ်ချုပ်တဲ့တိုင်းပြည် အဖြစ်မခံတော့ဖို့ ကျနော်တို့အားလုံးမှာ တာဝန်ကိုယ်စီရှိပါတယ်။ လက်ရှိ Chin State of Myanmar သည် Federal States of Chinland အဖြစ်တည်ထောင်ပြီး မြို့နယ်များကို State အဖြစ်ဖွဲ့စည်းကာ ဘယ်သူ့လက် အောက်မှာမှ အအုပ်ချုပ်ခံမဟုတ်တဲ့ ဖယ်ဒရယ်ချင်းနိုင်ငံတော်တည်ထောင်ဖို့ အကောင်းဆုံးအချိန် ဖြစ်နေပါပြီ။ ယခုလို အခွင့်အရေးရဖို့ (၇၈) နှစ် ကြာစောင့်ခဲ့ရပါတယ်။ ဒီလိုအခွင့်အရေးမျိုး  ပြန်ရဖို့  မသေချာတော့ပါဘူး။

ကျနော်တို့ တိုက်နေတဲ့ စစ်သည် ဖယ်ဒရယ် ဒီမိုကရေစီ မှန်း ဒီမိုကရေစီ ဖယ်ဒရယ် မှန်း နားမလည်တဲ့ နိုင်ငံရေးသမားများနှင့် ပြည်ထောင်စုအတူပြန်ဖွဲ့ဖို့သာဖြစ်ခဲ့လျှင် စတေးထားတဲ့ ခြေလက်အင်္ဂါ အသက်အိုးအိမ်စည်းစိမ်အားလုံးသည် သဲထဲရေသွန်သလို ဖြစ်သွားမှာဖြစ်ပါတယ်။  ပြည်နယ်အဆင့် နှင့်သာကျေနပ်ကြမည်ဆိုရင် သေနတ်တချက်ဖောက်စရာမလို၊ စစ်တိုက်နေစရာမလိုပါဘူး။ အသက်တချောင်းစတေးစရာမလိုပဲ မြို့တစ်မြို့သိမ်းဖို့ကုန်တဲ့ ငွေပမာဏအကုန်ခံရုံနှင့် ဝ (Wa) နှင့် ဓနု များကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ပြည်နယ် ရရှိနိုင်ပါတယ်။ မီဇိုရမ်ပြည်နယ်သည် နှစ် (၂၀) ကြာ တိုက်ပွဲဝင်ပြီး အသက်ပေါင်းများစွာစတေးပြီးမှ ပြည်နယ် ရခဲ့ပေမဲ့ Meghalaya နှင့် Arunachal Pradesh ကတော့ တချက်သေနတ်မဖောက်ရဘဲ အေးဆေး ပြည်နယ်ရခဲ့ကြတယ်… ဟုလက်ရှိ မီဇိုရမ်ပြည်နယ်  ဝန်ကြီးချုပ် Pu Lalduhoma ပြောတဲ့စကား ကြားဖူးကြမည်ထင်ပါတယ်။

ချင်းပြည်ရဲ့အနာဂတ်အတွက် တိုက်ရင်းတွန်းလှန်ရင်း Federal States of Chinland တည်ဆောက်ဖို့ အချိန်ရောက်နေပြီဖြစ်ပါတယ်။။

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်