စစ်ကောင်စီက Dawei Watch သတင်းထောက်နှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

သြဂုတ်လ ၂၈ရက်၊ ၂၀၂၄

Zalen

တနင်္သာရီတိုင်း၊ မြိတ်မြို့အခြေစိုက် သတင်းသမားနှစ်ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်တယ်လို့ Dawei Watch က မနေ့ သြဂုတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရတဲ့ သတင်းသမားတွေဟာ ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ သိရပြီး သူတို့တွေဟာ Dawei Watch သတင်းဌာနက သတင်းထောက်တွေဖြစ်ပါတယ်။

Dawei Watch သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ သူတို့တွေကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ညမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး စစ်ခုံရုံးက တိတ်တဆိတ်စီရင်ချခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီ စစ်ခုံရုံးက သတင်းသမားတွေဖြစ်တဲ့ ကိုမျိုးမြင့်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းနဲ့ ကိုအောင်ဆန်းဦးကို ထောင်ဒဏ် နှစ် ၂ဝ အသီးသီး ချမှတ်လိုက်တာဖြစ်ပါတယ်။

သူတို့တွေကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် မတရားအမှုဆင် စွဲဆိုပြီး ယခုနှစ် (ခန့်မှန်း) ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ မေလ ၁၅ ရက်နေ့တို့မှာ ထောင်ဒဏ်ချမှတ်တာလို့ ဆိုပါတယ်။

Dawei Watch ကတော့ မြိတ်မြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်မဟုတ်တဲ့အတွက် သတင်းသမားတွေကို ဥပဒေနဲ့အညီ ခုခံကာကွယ်ခွင့် ပေးရမယ့်ဖြစ်ပေမဲ့ တရားရုံးမှာ စစ်ဆေးခြင်းမရှိဘဲ စစ်ခုံရုံးက ဥပဒေမဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီအပြင် စစ်ကောင်စီက သတင်းသမားတွေကို ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင် စစ်ဆေးခြင်း၊ ဥပဒေနဲ့အညီ ခုခံကာကွယ်ချေပခွင့် မပေးဘဲ ထင်သလို ပြစ်ဒဏ်ချမှတ် အရေးယူခြင်း တို့ကို Dawei Watch ပြင်းထန်စွာ ကန့်ကွက်ထားပါသေးတယ်။

ယခုလ ဩဂုတ် ၂၁ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က သတင်းထောက်တွေဖြစ်တဲ့ ကိုထက်မြက်သူနဲ့ ကိုဝင်းထွဋ်ဦးတို့ကို သူတို့ရဲ့နေအိမ်မှာ စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ပစ်သတ်လိုက်ပါတယ်။

အဲ့ဒီ သတင်းထောက် နှစ်ဦး ပစ်သတ်ခံရတာနဲ့ပတ်သက်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)၊ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)၊ လွတ်လပ်သောမြန်မာသတင်းစာများ အစည်းရုံးတို့က ကန့်ကွက်ရှုတ်ချထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ချင်းပြည်နယ် ခေါနုသုမ် သတင်းဌာနတည်ထောင်သူ တစ်ဦးဖဖြစ်တဲ့ Pu Tui Dim အပါဝင် သတင်းထောက် ခုနှစ်ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်လို့ (RSF) က ဆိုပါတယ်။

ဒါ့အပြင် RSF က သတင်းထောက် ၆၂ ဦးကိုလည်း စစ်ကောင်စီက မတရား ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားတယ်လို့ ဆိုပါတယ်။

ပုံ – စစ်ကောင်စီ မတရားဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတဲ့ Dawei Watch သတင်းဌာနမှ သတင်းထောက် ကိုမျိုးမြင့်ဦးနဲ့ ကိုအောင်ဆန်းဦးတို့ကို တွေ့ရစဥ်။

သတင်း – ကိုခူမီး

နောက်ဆုံးရသတင်းများ

အိန္ဒိယဗဟိုအစိုးရက ပလက်ဝနဲ့ စစ်တွေအထိလျှပ်စစ်မီးပေးဖို့ဆန္ဒရှိနေ

၁၄၊ စက်တင်ဘာလ၊ ၂၀၂၄ Zalen အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရက ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် စစ်တွေအထိ လျှပ်စစ်ဓာတ်အား ပေးဖို့ဆန္ဒရှိနေပြီး မီဇိုရမ်ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်ပေးရန်ဖိတ်ခေါ်ခဲ့တယ်လို့သိရပါတယ်။။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ တွဲဖက်အတွင်းရေးမှူး ...

ဆက်ဖတ်ရန်