ပလက်ဝမြို့နယ်ကို ရက်အကန့်အသတ်မရှိ လမ်းပိတ်ထားတဲ့အတွက် မြို့ပေါ်နဲ့ နယ်ကျေးရွာတွေမှာ ဆန်ပြတ်လတ်နေ

၅၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်စပြီး ရက်အကန့်သတ်မရှိ လမ်းတွေ ပိတ်ထားတဲ့အတွက် မြို့ပေါ်နဲ့ နယ်ကျေးရွာတွေမှာ ဆန်စတင်ပြတ်လတ်နေပြီလို့ ဒေသခံတွေထံက သိရှိရပါတယ်။

ရက်ပေါင်း ၂၀ ကျော်ကြာ ရေလမ်း၊ ကုန်းလမ်းတွေ ပိတ်ထားလို့ မြို့တွင်း ကုန်စည်စီးဆင်းမူ လုံးဝ ရပ်တန့်သွားပြီး ဆန်၊ ဆေးဝါးနဲ့ အခြားစားသောက်ကုန်တွေလည်း ပြတ်လတ်နေတယ်လို့ ဒေသခံတစ်ဦးက Zalen ကို ပြောပါတယ်။

“ကျွန်တော်တို့ ပလက်ဝအထက်ပိုင်းမှာက ဆန် လုံးဝ ဝယ်ယူလို့မရတဲ့ အနေထားပါ။ ဆောင်းတွင်းကာလ ကလေးတွေ နှာစေး၊ ချောင်းဆိုး၊ ဖျားရင်တောင် ကျေးရွာ ဆေးခန်းတွေမှာ ဆေးလည်း ကုန်နေပြီ။ လမ်းကြောင်းတွေ အမြန်ဖွင့်ပေးစေလိုပါတယ်။ လမ်းပိတ်ထားလို့ ကျန်းမာရေးအတွက်ရော လုံးဝ ဒုက္ခရောက်ရပါတယ်”လို့ ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လမ်းတွေ ပိတ်ထားတာကြောင့် မြို့ပေါ် ဆန်ရောင်းချတဲ့ စျေးဆိုင်တွေ မရှိတော့ဘဲ ရပ်ကွက်ထဲရှိ အသိဆွေမျိုးတွေဆီက စုံစမ်းပြီး တစ်အိတ်၊ တစ်တင်း စတဲ့ ဆန်တွေကို တစ်အိတ် တစ်သိန်းကျပ် ပေးကာ ဝယ်ယူစားသောက်နေရတယ်လို့ သိရပါတယ်။

“မြို့ပေါ်မှာ ဆန်ရောင်းတဲ့ စျေးဆိုင်တွေ မရှိတော့ဘူး။ ကိုယ့်ရပ်ကွက်ထဲမှာ ငွေလိုလို့ တစ်တင်း ရောင်းတာ ရှိတယ်။ တစ်အိတ် ရောင်းတာတွေ ရှိတယ်။ အဲ့ဒါကို နားစွင့်ပြီး ဝယ်ယူနေရတယ်။ ပိုက်ဆံရှိရင်တောင် ဝယ်လို့ မရဘူး။ တခြား စားသုံးဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူလည်း စပြတ်နေပြီ။ “လို့ မြို့ပေါ်နေ ဒေသခံ တစ်ဦးက Zalen ကို ပြောပါတယ်။

စစ်ကောင်စီက ပလက်ဝမြို့နယ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်၊ နံနက်ပိုင်း အချိန်ကစပြီး  ဖုန်းလိုင်းတွေကိုလည်း ဒေသခံတွေအား ကြိုတင်အသိပေးထားခြင်းမရှိဘဲ ဖြတ်တောက်ထားပြီး ဒီဇင်ဘာ ၁ ရက်နေ့၊ ညနေ့ပိုင်း ၃ ဝန်းကျင်မှာ ပြန်လည်ဖွင့်ပေးပေမယ့် မြို့နယ်အထက်ပိုင်းတွေမှာ ဖုန်းလိုင်းတွေ ကောင်းမွန်စွာ သုံးစွဲခွင့် မရသေးကြောင်း ဒေသခံတွေထံက သိရှိရပါတယ်။

သတင်း- ခူမီး

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ်မှာ မြန်မာဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်မှူးမှ ညွန်ကြား

၂၆၊ အောက်တိုဘာ ၂၀၂၄ Zalen မဏိပူရ်ပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ် အော့ခရူခရိုင်နဲ့၊ ကမ်း‌ဂျွန်ခရိုင်မှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်အုပ်ချူပ်ရေးအဖွဲ့က အောက်တိုဘာ ၂၂ရက်နေ့က လာရောက်ညွန်ကြားခဲ့တယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။ ...

ဆက်ဖတ်ရန်