သုံးနှစ်ကျော်အတွင်း စစ်ကောင်စီက ချင်းပြည်နယ်အတွင်း ဘာသာရေး၊ ကျန်းမာရေးနဲ့ ပညာရေး အဆောက်အအုံ ၁၉၀ ကျော်ဖျက်ဆီး

၂၇၊ မေလ၊ ၂၀၂၄

Zalen

စစ်တပ်က မတရားအာဏာသိမ်းပိုက်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် ဧပြီလ အထိ သုံးနှစ်ကျော်ကာလ မှာ ချင်းပြည်နယ်အတွင်းရှိ ဘာသာရေး အဆောက်အအုံ၊ ကျန်းမာရေးအဆောက်အအုံနဲ့ စာသင်ကျောင်း ၁၉၀ ကျော် ဖျက်ဆီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ် CHRO က မေလ ၂၆ မှာထုတ်ပြန်ပါတယ်။

၃နှစ်ကျော်ကာလ အတွင်း အကြမ်းဖက်စစ်ကောင်စီက ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားတဲ့ နေရာများ အပါအဝင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာများမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့ ဖျက်ဆီးမှုတွေလုပ်ဆောင်ခဲ့တာကြောင့် ဘာသာရေးအဆောက်အအုံ ၁၁၆ ခု၊ ဆေးရုံနဲ့ ကျန်းမာရေးအဆောက် အအုံ ၂၆ ခုနှစ် စာသင်ကျောင်း ၄၉ ခုတို့ပျက်ဆီးခဲ့တယ်လို့ CHRO ကဆိုပါတယ်။

စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ မြောက်ပိုင်း ထန်တလန်မြို့ကို အဆုံးဝါးဆုံး ဖျက်ဆီးခဲ့တာဖြစ်ပြီး မြို့လုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ထန်တလန်မြို့ပေါ်က လူနေအိမ် ထောင်ကျော်အပါအဝင် ဘာသာရေးအဆောက်အအုံ ၁၀ ခုကျော်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့ပြည်သူ့ဆေးရုံနဲ့ စာသင်ကျောင်းတစ်ချို့လည်း ပျက်ဆီးသွားပါတယ်။

ပြီးခဲ့တဲ့မေလ ၂၁ ရက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းတိုက်မှုပြုလုပ်တာကြောင့် တွန်းဇံမြို့နယ် ဖိုင်သူရွာရှိ Zo Baptish Church – ZBC ဘုရားကျောင်းပျက်ဆီးခဲ့ပါတယ်။

အလားတူ သုံးနှစ်ကျော်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ် အတွင်း ပြည်သူ ၉၃ ဦးသေဆုံးခဲ့သလို ၂၀၀ ဦးဒဏ်ရာရခဲ့တယ်လို့ CHRO ကဆိုပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများအတွင်း အမျိုးသမီး ၂၀ ဦး နဲ့ အသက်မပြည့်သေး တဲ့ ကလေးငယ် ၂၈ ဦး ပါဝင်သလို ဒဏ်ရာရသူများအတွင်း အမျိုးသမီး ၄၇ ဦး နဲ့ ကလေးငယ်၁၅ ဦးပါဝင်တယ် လို့ သိရပါတယ်။

ယခုလို စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ချင်းပြည်သူ ခြောက်သောင်းကျော်ဟာ အိမ်နီးချင်း အိန္ဒိယ နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရာ အများစုကတော့ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံကြတာဖြစ်ပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်