
ဇန်နဝါရီ ၂၃၊ ၂၀၂၆
Zalen
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ အမေရိကန် နုတ်ထွက်ကြောင်း သမ္မတ အိမ်ဖြူတော်က ဇန်နဝါရီ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

COVID-19 ကပ်ရောဂါအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ကိုင်တွယ်ပုံ မှားယွင်းမှုတွေ၊ အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲမှုကင်းမဲ့မှုတွေနဲ့ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုကင်းမဲ့မှုတွေကြောင့် အခုလို နုတ်ထွက်တာလို့ အိမ်ဖြူတော်က ပြောထားပါတယ်။
သမ္မတဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်ချိန်မှာ WHO ကနေ အမေရိကန်နုတ်ထွက်ဖို့ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စည်းမျဉ်းဥပဒေအရ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ အနေနဲ့ နုတ်ထွက်ဖို့ လျှောက်လွှာတင်သွင်းပြီး တစ်နှစ်ကြာမှ တရားဝင် နုတ်ထွက် နိုင်တာပါ။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ အမေရိကန်က WHO အဖွဲ့က နုတ်ထွက်ဖို့ ကုလသမဂ္ဂကို တရားဝင်လျှောက်လွှာတင်သွင်းခဲ့ပြီး တစ်နှစ်အကြာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ရက်နေ့ တရား၀င် နုတ်ထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။
အမေရိကန်ဟာ WHO ကို ထောက်ပံ့ငွေ အများဆုံးပေးနေတဲ့နိုင်ငံ ဖြစ်ပြီး WHO ရဲ့ နှစ်စဥ် ရန်ပုံငွေရဲ့ ၅ ပုံ ၁ ပုံဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၆.၈ ဘီလျံကို အမေရိကန်က ထောက်ပံ့ပေးနေတာပါ။
ဆင်းရဲနွမ်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ WHO အပေါ် မှီခိုနေရပြီး ကျန်းမာရေးစောက်ရှောက်မှု အထောက်အပံ့၊ ရောဂါတိုက်ဖျက်ရေးတွေအတွက် အဓိကဖြစ်တဲ့ ကာကွယ်ဆေးထိုးရေးလုပ်ငန်းတွေအတွက် WHO လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့မှာလည်း အမေရိကန်ဟာ အကျိုးစီးပွားနဲ့မကိုက်ညီတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၆၆ ခုကနေ အမေရိကန်နုတ်ထွက်ဖို့ အမိန့်ကို သမ္မတထရမ့်က လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီထဲမှာ ကုလသမဂ္ဂအဖွဲ့အစည်း၃၁ ခုနဲ့ ကုလမဟုတ်တဲ့ အဖွဲ့အစည်း ၃၅ ခု တို့ပါ၀င်ပါတယ်။
သတင်း-Helen















