ကလေးမြို့တွင် သူခိုး (၆)ယောက်ဖမ်းဆီးထားပေမယ့် ဖုန်း၊ ဆိုင်ကယ်ပျောက်ဆုံးမှုတွေရှိနေဆဲ
ကလေးမြို့နယ် ရဲတပ်ဖွဲ့တွေက စက်တင်ဘာ (၁၅)ရက်တွင် ဓားထောက်ပြီးခြိမ်းခြောက်ကာ ပစ္စည်းလုယက်သူ ၆ ဦးကိုဖမ်းဆီးထားပေမယ့် ကျေးရွာဘက်တွင် ပစ္စည်းပျောက်ဆုံးမှုဆက်လက်ရှိနေဆဲလို့သတင်းရရှိပါတယ်။
ကလေးမြို့နယ် လက်ပံချောင်းကျေးရွာအနီးရှိ သာယာကုန်းကျေးရွာတွင် စက်တင်ဘာ (၁၅)ရက်နဲ့ (၁၆)ရက် နေခင်းပိုင်တွင် ဖုန်း ၂ လုံးပျောက်ဆုံးသွားပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘာ (၁၅)ရက် ညနေ ၄ နာရီခန့်တွင် သာယာကုန်းကျေးရွာနေ ပါစတာထီးရန်ဗျက်ဆန်ဟာ ရွာအနီး ပြည်တော်သာကျေးရွာတွင် ဘောလုံးပွဲသွားကြည့်ရာ ဆိုင်ကယ်ပေါ်တွင် Samsung ဖုန်းတစ်လုံးမေ့ကျန်ထားရာ သတိရသည်နဲ့ချက်ချင်းသွားရောက်ကြည့်ရှုပေမယ့် ပျောက်ဆုံးသွားပါတယ်။ ဒါ့ပြင် စက်တင်ဘာ (၁၆)ရက် ညနေ ၅ နာရီခန့်တွင် သာယာကုန်းကျေးရွာ ကုန်စုံဆိုင်နဲ့ ဓာတ်ဆီရောင်းတဲ့ မိုင်မုန်ဇနွမ်ရဲ့ ၂ သိန်းတန် OPPO ဖုန်းတစ်လုံးအားသွင်းစဉ် လူငယ် နှစ်ယောက် ဆိုင်ကယ်ဓာတ်ဆီဖြည့်ရန်ရောက်လာပြီး လူငယ်တစ်ယောက်က ရေသန့်ရောင်းလာဟုဆိုကာ ဆိုင်ထဲသို့ဝင်ပြီး အားသွင်းထားတဲ့ ဖုန်းကိုယူသွားပါတယ်။ ဆိုင်ရှင်က သိသိချင်း ၎င်းဖုန်းကိုခေါ်ဆိုပေမယ့် စက်ပိတ်ထားကြတယ်။
ဒါပြင် စက်တင်ဘာ (၁၄)ရက် ညတွင် ဖုန်းတစ်လုံး နဲ့ 125 Kenbo တစ်စီးလည်း ခိုးယူခံရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သာယာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟွင်လျန်က “အခုလို ရွာထဲက ပစ္စည်းတွေပျောက်တာ အရင် သြဂုတ်လ လယ်ကတည်းပျောက်နေပြီ။ အစမှာတော့ ကြက်တွေလောက်ပဲ များအားဖြစ်ခိုးကြတယ်။ အရင်လမှာ 125 ဆိုင်ကယ်တစ်စီးလည်း ခိုးသွားကြတယ်။ စက်တင်ဘာ ၁၄ ရက်က ပျောက်တဲ့ဆိုင်ကယ် တစ်စီးပျောက်တဲ့အကြောင်းကိုပဲ ရဲစခန်းမှာ တိုင်ကြားထားတယ်။ တိုင်ရင်လည်း မထူးဘူးလေ။ ဒါကြောင့် ရွာထဲမှာ အရပ်ဝတ်နဲ့ လုံခြုံရေးချထားပေမယ့် လုံခြုံရေးချတဲ့ညမှာဆိုမပျောက်ဘူး။ အဓိကအားဖြစ် ဘုရားကျောင်းတက်တဲ့ နေ့၊ ညတွေမှာ လုံခြုံရေးချထားတယ်” လို့ပြောပါတယ်။
စက်တင်ဘာ (၁၅) ရက်တွင် ကလေးမြို့နယ် ရဲတပ်ဖွဲ့တွေက ကလေးမြို့အတွင်း ခိုးမှု (၆)မှုကျူးလွန်တဲ့ လူငယ် (၆)ဦးကို ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားပါတယ်။