နိုဝင်ဘာလ ၁၁ရက်၊ ၂၀၂၄။
Zalen
ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းတွေကြားဖြစ်ပွားတဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခတွေကို စစ်ကောင်စီထောက်ခံအားပေးသူတွေထက် ချင်းလူမျိုးအချင်းချင်းက မဟုတ်မမှန် သတင်းအမှားတွေ ပိုမိုဖြန်ဝေ ရေးသားဖော်ပြနေတာ တွေ့ရှိရပါတယ်။
ချင်းပြည်နယ်မှာ ချင်းလဲန်းကောင်စီ (CC) နဲ့ ချင်းညီနောင် (CB) အဖွဲ့တို့ ပေါ်ပေါက်လာပြီး ၎င်းအဖွဲ့နှစ်ဖွဲ့ကြား နိုင်ငံရေးအမြင် အနည်းအငယ် ကွဲလွဲမှုရှိလာတဲ့အတွက် ချင်းတော်လှန်ရေးအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားတဲ့အထိဖြစ်လာခဲ့ပါတယ်။
CC နဲ့ CB အဖွဲ့တို့ နိုင်ငံရေးအမြင် အနည်းငယ်ကွဲလွဲမှုကို အခွင့်ကောင်းယူပြီး စစ်ကောင်စီထောက်ခံအားပေးသူတွေအပြင် ချင်းလူမျိုးအချင်းချင်းက ၎င်းအဖွဲ့နှစ်ဖွဲ့ကြား မဟုတ်မမှန် သတင်းအမှားတွေ ရေးသားဖြန်ဝေတာ ပိုမိုလုပ်ဆောင်နေကြတာ တွေ့ရပါတယ်။
ယခုနှစ် သြဂုတ်လ ၁၂ရက်နေ့ညက ချင်းပြည်နယ်၊ တွန်းဇံမြို့မှာ CC အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ချင်းကာကွယ်ရေးတပ်(တွန်းဇံ)နဲ့ ချင်းကာကွယ်ရေးတပ် (ကလေး၊ ကဘော်၊ ဂန့်ဂေါ) တို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတယ်လို့ ဒေသတွင်း သတင်းမီဒီယာ ဖေ့စ်ဘွတ်ပေ့ချ်က တီးတိန်(ချင်း)ဘာသာနဲ့ သတင်းရေးသား ဖော်ပြထားပါတယ်။
အဲ့ဒီသတင်းကို Zalen Fact – Checking Team က နှစ်ဖက်တာဝန်ရှိသူတွေနဲ့ ဒေသခံတွေကို ဆက်သွယ်မေးမြန်းကြည့်တဲ့ခါ သြဂုတ်လ ၁၂ရက်နေ့ညက တွန်းဇံမြို့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာ မတွေ့ရှိရဘဲ သတင်းအမှားတွေသာဖြစ်ပါတယ်။
သတင်းအမှားဖြစ်ကြောင့်ကို စိစစ်ထားတဲ့သတင်းကို အောက်ပါ သတင်းလင့်ခ်မှာ အပြည့်အစုံဖတ်ရှုရန်..
ဒါ့အပြင် ယခုနှစ် သြဂုတ်လ ၁၆ရက်နေ့က ချင်းညီနောင်အဖွဲ့ (CB) သိမ်းပိုက်ရရှိထားတဲ့ ချင်းပြည်နယ်၊ မတူပီမြို့နယ်က ကျေးရွာအချို့မှာ CB အဖွဲ့ဝင်ဖြစ်တဲ့ ချင်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ – ၁ နဲ့ အာရက္ခတပ်တော်(AA)တို့က ငွေကြေးနဲ့ မက်လုံးပေးကာ ဒေသခံပြည်သူတွေကို စည်းရုံးနေတယ်လို့ ဒေသတွင်း ချင်းသတင်းတွေကို ရေးသားဖော်ပြနေတဲ့ ဖေ့စ်ဘုတ်ပေ့ချ်က ရေးသားဖော်ပြထားပါတယ်။
အဲ့ဒီသတင်းကို Zalen Fact – Checking Team က CDF-Matupi တပ်မဟာ (၁) တာဝန်ရှိသူနဲ့ ဒေသခံတွေကို ဆက်သွယ်မေးမြန်းကြည့်တဲ့ခါ မတူပီမြို့နယ်က ကျေးရွာအချို့မှာ CDF-Matupi တပ်မဟာ (၁)နဲ့ AA တို့က ငွေကြေးနဲ့မက်လုံးပေးပြီး ဒေသခံပြည်သူတွေကို စည်းရုံးနေတယ်ဆိုတာ မတွေ့ရှိရဘဲ သတင်းအမှားသာဖြစ်ပါတယ်။
သတင်းအမှားဖြစ်ကြောင်းကို စိစစ်ထားတဲ့ သတင်းကို အောက်ပါသတင်းလင့်ခ်မှာ အပြည့်အစုံဖတ်ရှုရန်..
သြဂုတ်လ ၁၄ရက်နေ့က Athan – အသံအဖွဲ့ရဲ့ ထုတ်ပြန်ထားတဲ့အစီရင်ခံစာအရ ချင်းပြည်နယ်မှာ မြို့တော် ဟားခါးကလွဲပြီး ကျန်မြို့နယ် ၈ ခုမှာ ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက်ခံထားရတယ်လို့ သိရပါတယ်။
ဖုန်းလိုင်းနဲ့ အင်တာနက် အများဆုံး ဖြတ်တောက်ခံထားရတဲ့အတွက် ချင်းပြည်နယ်က ဒေသခံပြည်သူတွေဟာ သတင်းနဲ့ပတ်သက်လို့ သတင်းကြည့်ပိုင်ခွင့်နဲ့ သတင်းသိပိုင်ခွင့်တွေ ဆုံးရှုံးခဲ့ရပါတယ်။
သတင်းကြည့်ပိုင်ခွင့်တွေ ဆုံးရှုံးခဲ့ရတဲ့ ချင်းပြည်နယ်မှာ ချင်းပြည်သူတွေအချင်းချင်းကြား သတင်းအမှား ဖြန့်ဝေခြင်းတွေ ပိုလုပ်ဆောင်ကြသလို အဲ့ဒီလိုသတင်းအမှားတွေ ဖြန့်ဝေနေကြတဲ့အတွက် ချင်းပြည်သူတွေဟာ အယုံလွယ်ကြပြီး စိုးရိမ်မှုတွေပိုဖြစ်လာတယ်လို့ ချင်းနိုင်ငံရေးသုံးသပ်သူတစ်ဦးက ဆိုပါတယ်။
၎င်းက “အခုဖြစ်နေတာက ဟိုဘက်ဒီဘက်ထောက်ခံသူတွေက အွန်လိုင်းပေါ်မှာတစ်ခုတည်းမဟုတ်ဘဲ မြေပြင်မှာလည်း သတင်းအမှားတွေလွင့်ကြတယ်။ ပြည်သူတွေကလည်း စိုးရိမ်စိတ်နဲ့ဟုတ်မဟုတ်ကို မတွေးတော့ဘဲ အယုံလွယ်ကြတယ်။ သတင်းအမှားတွေက အရမ်းကြောက်ဖို့ကောင်းတယ်။ အထူးသဖြင့် ဖုန်းလိုင်းနဲ့အင်တာနက်မရတဲ့ဒေသမှာဆို ပိုကြောက်ဖို့ကောင်းတယ်။ အဲ့ဒီအတွက် သတင်းအမှားဖြန့်ဝေတာနဲ့ ပတ်သက်ပြီး ဆင်ခြင်ကြဖို့ပါ။”လို့ ၎င်းကဆိုပါတယ်။
ဒါ့အပြင် သတင်းအမှားတွေကြောင့် ချင်းတော်လှန်ရေး ရဲဘော်အချင်းချင်း ပစ်ခတ်မှုအထိဖြစ်ပွားပြီး မကျသင့်ဘဲ နှစ်ဖက်ရဲဘော်တွေ ကျဆုံးခဲ့ရတယ်လို့ CDF-Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အရင်က CNA ကားသမားကို CB နဲ့ AA ရက်ရက်စက်စက်သတ်လို့ဆိုပြီး သတင်းမှားဖြန့်တယ်။ အောက်ခြေ ရဲဘော်တွေက အဟုတ်ထင်ပြီး ခံပြင်းသွေးကြွရာကနေ ပစ်ခတ်မှုတွေဖြစ်တယ်၊ မကျသင့်တဲ့ နှစ် ဖက် တော်လှန်ရေးရဲဘော်တွေ ကျရတယ်။ ဒါက သတင်းမှားရဲ့ ဆိုးကျိုး သာဓက တစ်ခုပါ။ သတင်းဆိုးက ဟာသ မဟုတ်သလို ပေါ့ပေါ့သေးသေးမဟုတ်ပါဘူး။ အရမ်းကို အန္တရာယ်များပြီး ဈေးကြီးပါတယ်။ မလုပ်သင့်ကြောင်းပါ။”လို့ ဆိုပါတယ်။
CB မဟာမိတ်ဖြစ်တဲ့ AA ဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွင်း ဆေးဖက်ဒေါက်တာတစ်ဦးအပါဝင် အရပ်သား ၃၀နီးပါးကို CNA နဲ့ CDF ထောက်ပံ့ကူညီတယ်လို့ စွပ်စွဲချက်နဲ့ ဖမ်းဆီးမှုတွေပြုလုပ်ပါတယ်။
အဲ့ဒီအရပ်သားဖမ်းဆီးမှုကို AA နဲ့ ချင်းလူမျိုးကြား စစ်ကောင်စီထောက်ခံအားပေးသူတွေက တယ်လီဂရမ်ချန်နယ်တွေကနေ လူမျိုးရေးပဋိပက္ခဖြစ်အောင် လှုံဆော်ဖန်တီးနေပါတယ်။
ပလက်ဝမြို့နယ်မှာ အရပ်သားဖမ်းဆီးမှု သတင်းလင့်ခ်မှာ အပြည့်စုံဖတ်ရန်…
AA နဲ့ ချင်းလူမျိုးကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးရေးသားထားတဲ့ သတင်းလင့်ခ် အပြည့်စုံဖတ်ရန်..
စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။