ချင်းဒုက္ခသည် ၂ သိန်းဝန်းကျင်ဟာ အသက်မွေးဝမ်းကြောင်းကို ကြုံသလို ဖြေရှင်းနေကြရ

ဇူလိုင် ၁၇၊ ၂၀၂၅

Zalen

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ချင်းပြည်နယ်မှာ လူဦးရေ ၂ သိန်းဝန်းကျင်ဟာ ဘေးလွတ်ရာ ပြောင်းရွေ့ခိုလှုံနေရပြီး အသက်မွေးဝမ်းကြောင်းအတွက် ကြုံသလို ဖြေရှင်းနေကြရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်( ICA) က ဇူလိုင်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲက တစ်သိန်းသုံးသောင်း ဝန်းကျင်ဟာ ပြည်တွင်းမှာပဲ နေရပ်စွန့်ခွာ ပြောင်းရွှေ့ရပြီး ၇ သောင်းဝန်းကျင်ကတော့ အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေရတယ်လို့ ICA က ဆိုပါတယ်။

ဒုက္ခသည်စခန်းတွေမှာ နေသူတွေအနေနဲ့ လှူဒါန်းမှုနဲ့ အကူအညီတွေ လျော့နည်းလာတာကြောင့် ဆီ၊ ဆန်၊ ဆားစတဲ့ အခြေခံစားကုန် လိုအပ်ချက် ကြီးထွားလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒုက္ခသည်တွေဟာ တစ်ပတ်မှာ တစ်ရက်သာ အလုပ် လုပ်ရသူ‌တွေလည်းရှိပြီး မြန်မာနိုင်ငံပြင်ပမှာ ရှိတဲ့ချင်းလူမျိုးများနဲ့ NGOတွေကနေ ထောက်ပံ့မှုမရရှိရင် ဝမ်းစာအတွက် အခက်ကြုံရတယ်လို့ ဆိုပါတယ်။

ချင်းရေးရာအဖွဲ့ချုပ်(ICA) ရဲ့ ကောက်ယူထားတဲ့ အချက်အလက်အရ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်ဦးရေ ၄၅,၀၀၀ ခန့်ရှိပြီး အဲဒီထဲက ၉၀ ရာခိုင်နှုန်းဟာ ချင်းလူမျိုးတွေဖြစ်သလို စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေလည်း ပါ၀င်တယ်လို့ သိရပါတယ်။

ဒုက္ခသည်စခန်းအတွင်း လူဦးရေထူထပ်များပြားမှုကြောင့် ရာသီအလိုက်ရောဂါဖြစ်ပွားမှု မြင့်မားပြီး

လိုအပ်ချက်များပြားမှု၊ လူအင်အားမလုံလောက်မှုနဲ့ ငွေကြေးမလုံလောက်မှုတွေကြောင့် ဒုက္ခသည်တွေ အားလုံးအတွက် ထိရောက်တဲ့ ကုသမှု‌‌ပေးနိုင်ဖို့ လိုအပ်လျက်ရှိသေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒုက္ခသည်စခန်းနဲ့ ဆေးဝါးကုသဖို့ နေရာ ကွာဝေးလွန်းတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိဖို့ အရေးပေါ်အခြေနေတွေမှာ အခက်အခဲ‌ကြံနေရတယ်လို့ ဖော်ပြထားပါတယ်။

ချင်းပြည်နယ်ရဲ့ ဧရိယာ ၈၀ ရာခိုင်နှုန်းကျော်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီးဖြစ်ပေမယ့် လေကြောင်းရန် အန္တရာယ်ကြောင့် ပြည်သူအများစု ကိုယ့်ရပ်ကိုယ်ဒေသသို့ ပြန်လည်အခြေမချနိုင်သေးဘူးလို့လည်း ICA က ပြောထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အိန္ဒိယထောက်လှမ်းရေးချုပ်နဲ့ စစ်ခေါင်းဆောင် ဒုဥက္ကဋ္ဌတို့ တွေ့ဆုံအပြီး အိန္ဒိယ-မြန်မာနယ်စပ်ရှိ PDF စခန်းကို အိန္ဒိယစစ်တပ်က ဗုံးကြဲတိုက်ခိုက်ဆိုတဲ့ သတင်းအမှား

ဇူလိုင် ၁၈၊၂၀၂၅။ Zalen အိန္ဒိယထောက်လှမ်းရေးချုပ်နဲ့ စစ်ခေါင်းဆောင် ဒုဥက္ကဋ္ဌတို့ တွေ့ဆုံအပြီး အိန္ဒိယ-မြန်မာနယ်စပ်မှာ ခိုအောင်းနေတဲ့ PDF စခန်းကို အိန္ဒိယစစ်တပ်က မြန်မာနယ်စပ်ကို ဝင်ရောက်ဗုံးကြဲနယ်လို့ Snow Queen အမည်ရှိ တယ်လီဂရမ်ချန်က ဒီနေ့ ဇူလိုင်လ ...

ဆက်ဖတ်ရန်