ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆။
Zalen

ဖလမ်းမြို့နယ် Tuphei ကျေးရွာအနီးတွင် စကမတပ်နဲ့ CNDF အပါအဝင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားနေပြီး ရှေ့တိုးမရသဖြင့် ဒရုန်းနဲ့ လက်နက်ကြီးများ အသုံးပြု တိုက်ခိုက်နေတယ်လို့ ဒေသသတင်းများမှ သိရပါတယ်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၅ နာရီခန့်တွင် Lunghawh ကျေးရွာကို Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပါတယ်။
ယင်းနေ့တွင်ပင် စစ်ကိုင်းတိုင်း ကလေးမြို့ဘက်မှ စစ်ကား ၅ စီးဖြင့် စစ်ကူများ တီးတိန်မြို့နယ် သိုင်းငင်းရွာသို့ ရောက်ရှိလာကြောင်း သိရပြီး ခရီးသွားပြည်သူများ သတိထားသွားလာကြရန် PDF–Zoland စစ်ဦးစီးချုပ်က သတိပေးထားပါတယ်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ချင်းလက်နက်ကိုင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကြောင်းထိုး လာတဲ့ စကမ အင်အား ၃၀၀ ခန့်ကို ထင်းရှုးစခန်း အနီးမှာ တားဆီး တိုက်ခိုက်မှုတွေကြောင့် စကမ တပ်တွေ ရှေ့ဆက်မတိုးနိုင်ဘဲ တပ်ဆုပ်ပြီး Farso ရွာက ခရစ်ယာန်ဘုရားကျောင်း အပါအဝင် အရပ်သားပြည်သူနေအိမ် ၄ လုံးခန့်ကိုလည်း မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့နယ် တလန်ခွါကျေးရွာကို ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲခဲ့ရာ အရပ်သား ၆ ဦး သေဆုံးပြီး ကျောင်းသား/သူများ အပါအဝင် ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။
စကမဟာ ဖလမ်းမြို့ပြန်လည်သိမ်းပိုက်ရေးအတွက် အင်အားဖြည့်တင်းမှုများ ဆက်လက်ပြုလုပ် နေသော်လည်း ဒေသတွင်းချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များရဲ့ တားဆီးတိုက်ခိုက်မှုများကြောင့် အခြေအနေ ဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။
သတင်း-မိုင်နွေဦး
ဓာတ်ပုံ-လူမှုကွန်ယက်
#ဖလမ်းမြို့နယ် #သိုင်းငင်းရွာ #Tuphei #Zalen













