ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅
Zalen
ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (အေအေ) တို့ရဲ့ သတ်ဖြတ်မှုကြောင့် လူပေါင်း ၁၂၀၀ ခန့် သေဆုံးခဲ့တယ်လို့ ARF Burmese အမည်ရှိ ဖေ့စ်ဘုတ်ပေ့ချ်က ဖေဖော်ဝါရီလ ၃ ရက်နေ့က ရေးသားဖြန့်ချီထားပါတယ်။
ARF Burmese အမည်ရှိ ဖေ့စ်ဘွတ် ပေ့ချ်က ” ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီနဲ့ အေအေ၏ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၁၀၆၅ ဦးသေဆုံးသွားခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) အဖွဲ့က ပြောသည်။” လို့ ရေးသားထားပါတယ်။
မူရင်းသတင်းလင့်ခ်
အဲဒီသတင်းကို မနေ့ ဖေဖော်ဝါရီလ ၉ရက်နေ့ ညနေ ၅ နာရီအချိန်ထိ Reaction ပေးသူ ၅ ဦး၊ Comments ၁ ခု နဲ့ မျှဝေသူ ၆ ခု အထိရှိပါတယ်။
စိစစ်တွေ့ရှိချက်
__________
Zalen Fact – Checking Team က စိစစ်ကြည့်တဲ့အခါ စစ်တပ်အာဏာသိမ်းပြီး ချင်းပြည်နယ်မှာ လေးနှစ်တာအတွင်း စစ်ကောင်စီတပ်နဲ့ အေအေတို့ သတ်ဖြတ်မှုကြောင့် လူပေါင်း ၁၂၀၀ ခန့် သေဆုံးခဲ့တယ်ဆိုပြီး ICA က ပြောတာ မတွေ့ရပါဘူး။
လွတ်လပ်တဲ့ ဒေသတွင်း ချင်းမီဒီယာတွေဖြစ်တဲ့ Zalen နဲ့ Chin World မီဒီယာတို့က စစ်တပ်အာဏာသိမ်းပြီး လေးနှစ်တာအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် လူပေါင်း ၉၆၅ ဦး သေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့က အသီးသီး ရေးသားဖော်ပြထားပါတယ်။
Zalen သတင်းလင့်ခ်
Chin World သတင်းလင့်ခ်
စစ်တပ်အာဏာသိမ်းပြီး လေးနှစ်တာအတွင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မူကြောင့် လူပေါင်း ၉၆၅ သေဆုံးခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(အေအေ) နဲ့ စစ်ကောင်စီတပ်တို့ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တာ မဟုတ်သလို လူပေါင်း ၁၂၀၀ သေဆုံးခဲ့တယ်ဆိုတာလည်း မဟုတ်ဘူးလို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ICA တာဝန်ရှိသူတစ်ဦးက “စစ်တပ်အာဏာသိမ်းပြီး လေးနှစ်အတွင်း ကျွန်တော်တို့ ချင်းပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးကျည် ပစ်ခတ်မှု၊ ဖမ်းဆီး သတ်ဖြတ်မှု၊ မြေမြှုပ်မိုင်းကြောင်း လူသေဆုံးမူ၊ တိုက်ပွဲတွင်း သေဆုံးမူ ပြုစုထားတဲ့ စာရင်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်တာဖြစ်ပါတယ်။ အေအေနဲ့ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် လူသေဆုံးမူကို ထုတ်ပြန်တာမဟုတ်ပါဘူး။ ပြီးတော့ လူပေါင်း ၁၂၀၀ ခန့်သေဆုံးခဲ့တာလည်း မဟုတ်ပါဘူး။ ထုတ်ပြန်ချက်ထဲလည်း မပါဘူး။” လို့ ဆိုပါတယ်။
ICA ထုတ်ပြန်ချက် လင့်ခ်
သုံးသပ်ချက်
________
ARF Burmese အမည်ရှိ ဖေ့ဘွတ်ပေ့ချ် ပိုင်ရှင်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ သတင်းတွေကို ကူးယူပြီး ပုံချဲ့ပြီး မဟုတ်မမှန် ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
အထက်ပါ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်နဲ့ ဒေသတွင်း ချင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ စစ်တပ်အာဏာသိမ်းပြီး ချင်းပြည်နယ်မှာ လေးနှစ်တာအတွင်း စစ်ကောင်စီတပ် သတ်ဖြတ်မူကြောင့် လူပေါင်း ၉၆၅ သေဆုံးခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ အေအေတို့ရဲ့ သတ်ဖြတ်မှုကြောင့် လူပေါင်း ၁,၂၀၀ သေဆုံးခဲ့တဲ့ဆိုတာ မဟုတ်ဘဲ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားသာဖြစ်ပါတယ်။
စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ကြပဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာ ဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။
Zalen စာဖတ်ပရိသတ်အနေနဲ့လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားလို့ ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။