ချင်းလူမျိုး အချင်းချင်းတိုက်ခိုက်တာ ဝမ်းနည်းစရာနဲ့ ရှက်စရာကောင်းတာကြောင့် နောက်နောင်ဆင်ခြင် ကြဖို့ မီဇိုရမ်ဝန်ကြီးချုပ်တိုက်တွန်း

၆၊ စက်တင်ဘာလ၊ ၂၀၂၄

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒုအောမ်မာက ချင်းလူမျိုးများအကြား တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်ပြီး သွေးထွက်သံယိုတွေဖြစ်နေတာဟာ အလွန်ဝမ်းနည်းဖို့ကောင်းသလို ရှက်စရာလည်းကောင်း တာကြောင့် နောက်နောင်ဆင်ခြင်ကြဖို့ တိုက်တွန်းထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်မှာ စက်တင်ဘာလ ၄ ရက်နေ့ ဒေသစံတော်ချိန် ည ၇ နာရီ ကနေ ၉ နာရီကြားမှာပြုလုပ်တဲ့ ချင်းလူထုနဲ့တွေဆုံပွဲထဲကပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားတာ ဖြစ်ပါတယ်။

ပူးလာလ်ဒုအောမ်မာက “ချင်းပြည်အတွင်းမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့အများအပြားရှိနေပြီးတော့ မြို့နယ် တစ်ခုမှာတင် ၂ ဖွဲ့ ၃ ဖွဲ့ ရှိပြီးတော့ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိကြဘူး။ တစ်ခါတစ်လေမှာဆို ညီအကိုအချင်းချင်းကြား သွေးထွက်သံယိုကိစ္စတွေအထိဖြစ်တာဟာဝမ်းနည်းစရာ ကောင်းသလိုရှက်စရာ လည်းကောင်းပါတယ်။နောက်ဆိုဆင်ခြင်ကြရအောင်။” လို့ဆိုပါတယ်။

ကိုယ့်မျက်စိရှေ့မှာတွေ့မြင်နေရတဲ့ ညီအကိုအရင်းချာတွေကိုတောင် ချစ်ချစ်ခင်ခင်နဲ့ မစည်းလုံးနိုင်ပဲနဲ့ ဘုရား သခင်ရဲ့ချစ်ခြင်းမေတ္တာအကြောင်းကို တရားဟောနေကြတာကလည်း မဖြစ်သင့်အရာပါ။ ဘုရားသခင်ရဲ့ သွန်သင်ဆုံးမမှုကို သုံးသင့်တဲ့နေရာမှာ မသုံးပဲ ဘုရားကျောင်းထဲမှာပဲပြောနေတာကလည်း ဘာအကျိုးမှ မရှိဘူး လို့ဆက်ပြောပါတယ်။

အမေရိကန်က ချင်းအသိုင်းအဝန်းတွေကြားမှာ အကြီးဆုံးဘာသာရေးအဖွဲ့အစည်းတွေဖြစ်ကြတဲ့ CBCUSA နဲ့ CBANA တို့က အချင်းချင်းကြားငြိမ်းချမ်းရေးရလာဖို့ လုပ်ဆောင်သွားမယ်လို့ကြားသိရတဲအတွက် လွန်စွာ ဝမ်းမြောက်ပါတယ်။အခုလိုအစပြုလာကြတဲ့အပေါ်အများကြီးမျှော်လင့်ထားတဲ့အပြင် အသင်းတော်အားလုံး ကိုကိုယ်စားပြုတဲ့အနေနဲ့ စည်းလုံးခြင်းကိုဖော်ဆောင်ကြမယ်ဆိုရင် ကောင်းမွန်တဲ့အရာဖြစ်လာမှာပါ။ မီဇိုရမ် ဘက်မှာလည်း ZORO ရဲ့ဦးဆောင်မှုဖြင့်ငြိမ်းချမ်းရေးကိစ္စ စတင်လုပ်ဆောင်သလို ဖင်လန်နိုင်ငံ အခြေစိုက် Crisis Management Initiative – CMI ကလည်းကြားကနေ ညှိနှိုင်းပေးဖို့လုပ်ဆောင်နေကြောင်း ဆိုပါတယ်။

CMI ဟာကမ္ဘာအရပ်ရပ်က ပဋိပက္ခဖြစ်ပွားတဲ့ အဖွဲ့အစည်းတွေကြား ငြိမ်းချမ်းရေးရရှိနိုင်ဖို့ ကြိုးစားလုပ် ဆောင်ပေးတဲ့အဖွဲ့ဖြစ်ကာ လက်ရှိချင်းပြည်အရေးကိုလည်းသိရှိထားတာကြောင့် ဖြေရှင်းပေးဖို့ဖြစ်လာတယ်။

ဒီကိစ္စဆောင်ရွက်ဖို့ အိန္ဒိယ ဗဟိုအစိုးရရဲ့ခွင့်ပြုချက်နဲ့အညီ မီဇိုရမ်အစိုးရအပေါ်မှာ တာဝန်ရှိပြီးတော့ CMI နဲ့တွေ့ဆုံသွားဖို့လည်းရှိနေပါတယ်။

ဒီကိစ္စတွေအကုန်လုံးကိုခြုံကြည့်ခြင်းအားဖြင့် ကျွန်တော်တို့တွေ အုပ်ချုပ်မှုတစ်ခုအောက်ကို ပြန်ရောက်သွားနိုင်တယ်ဆိုတာကိုညွှန်ပြနေတာဖြစ်တယ်။

ဗြိသိသျှအစိုးရက မှားယွန်းစွာ နယ်နိမိတ်ပိုင်းခြားလို့ သုံးနိုင်ငံမှာ နေထိုင်ကြတဲ့ကျွန်တော်တို့တွေဟာ ခွဲခြားလို့ မရသလိုဒါကိုလည်း လက်မခံနိုင်ပါဘူး။

နယ်နိမိတ်က ပိုင်းခြားလို့ရပေမယ့် လူမျိုးကိုတော့ပိုင်းခြားလို့ မရပါဘူး။ ဘုရားသခင်ရဲ့ ခွန်အားနဲ့ ကျွန်တော်တို့တွေဟာ တစ်ချိန်ချိန်မှာ ကြီးမြတ်တဲ့လူမျိုးတစ်မျိုး ဖြစ်လာမယ်ဆိုတာကို စိတ်နှလုံး နဲ့ ယုံကြည်ကြဖို့တိုက်တွန်းချင်ပါတယ် လို့ ပူးလာလ်ဒုအေမာ်မာက ပြော ကြားပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ နဲ့ မဏိပူရ်တို့ကနေ မီဇိုရမ်ကို ဝင်ရောက်ခိုလှုံလာသူ အနည်းဆုံး ၄၄၀၀၀ ဝန်းကျင်ရှိနေပြီးတော့ သူတို့တွေရဲ့ နေ့စဉ်ဘဝ အစားအသောက်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာ သင်ကြားမှု စတဲ့အရာတွေကို ကူညီဖို့အတွက် အိန္ဒိယဗဟိုအစိုးရ အနေနဲ့ အနည်းဆုံ ရူပီး ၁၀ ကုဋေထောက်ပံ့ ပေးခဲ့ပြီဖြစ်တယ်လို့လည်း ထည့်သွန်းပြောကြားထားပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးနှင့် ၂၀၂၅ ခုနှစ် အလားအလာ

ကို‌ဗန် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးကဏ္ဍ ရှိ ငွေကြေးဖောင်းပွမှုနှုန်းမှာ (၂၆)ရာခိုင်နှုန်းအထိ ရှိလာနေပြီး လူဦးရေသုံးပုံ နှစ်ပုံမှာ ဆင်းရဲတွင်းထဲသို့ ရောက်နေသည်။ မကြာသေးမှီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူဦးရေ(၁၅)သန်းမှာ အစာရေစာ ရှားပါးမှုဒဏ်ကို ...

ဆက်ဖတ်ရန်