ဂျာမနီအကူအညီနဲ့ကတ္တရာခင်းထားတဲ့ ဒိုးဝိုင်းချောင်း-ရာဇဂြိုလ်ကားလမ်းကို ဧပြီ(၁၀)ရက်ဖွင့်လှစ်မယ်
ဂျာမနီဖွံ့ဖြိုးရေးဘဏ်(KFW)အကူအညီနဲ့တည်ဆောက်ထားတဲ့ ဒိုးဝိုင်းချောင်း-ရာဇဂြိုလ်ကတ္တရာလမ်းကို ဧပြီလ (၁၀)ရက်နေ့မှာ ဖွင့်လှစ်သွားမယ်လို့သတင်းရရှိပါတယ်။
ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီက “ကတ္တရာခင်းတာ (၈၀)ရာခိုင်နှုန်းပဲပြီးစီးပေမယ့် ဂျာမနီသံအမတ်လာမှာဖြစ်တဲ့တွက် သူကိုယ်တိုင်ဖွင့်ပဲလုပ်ပါမယ်” လို့ပြောပါတယ်။
ကလေးမြို့နယ် ဒိုးဝိုင်းချောင်း နဲ့ ရာဇဂြိုလ်ကြား ကားလမ်းဟာ အကျယ် (၁၂)ပေ၊ အရှည် (၁၂)မိုင်ခွဲနဲ့ ကတ္တရာကို နှစ်ထပ်ခင်းထားပါတယ်။ ဒီစီမံကိန်းဟာ ၂၀၁၈ ခုနှစ် ဧပြီလဆန်းက စတင်အကောင်အထည်ဖော်တာဖြစ်ပြီး ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ လုပ်ငန်းပြီးစီးဖို့ရည်ရွယ်ထားပါတယ်။
ယင်းလုပ်ငန်းအတွက် KFW မှ ယူရို(၁၀)သန်းထောက်ပံ့ထားပြီး ဒိုးဝိုင်းချောင်းမှ ရာဇဂြိုလ်ရွာလမ်းထိ (၄)မီတာအကျယ် ကတ္တရာခင်းခြင်း၊ စက္ကန့်ရွာမှ ရှားတောရွာထိ (၄)မီတာအကျယ် ကတ္တရာလမ်းခြင်း အပြင် ဆည်ကြီးတံတား (၁၈၀ မီတာx ၆မီတာ)သံကူကွန်ကရစ်တံတား၊ နတ်တံခါးတံတား(၁၀၀ မီတာx ၆မီတာ) သံကူကွန်ကရစ်၊ နမ့်မြောင်းချောင်းရေကျော် (၃၀၀ မီတာ x ၆ မီတာ) သံကူကွန်ကရစ် ရေကျော်၊ မှန်လုံချောင်းရေကျော် (၃၀၀ မီတာ x ၆ မီတာ)သံကူကွန်ကရစ် ရေကျော်၊ ဇီးချောင်းရေကျော် (၃၅၀ မီတာ x ၆ မီတာ) သံကူကွန်ကရစ် ရေကျော် တံတားများတည်ဆောက်ခြင်းတို့ပါဝင်ခဲ့ကြောင်းသိရပါသည်။
ဒိုးဝိုင်းချောင်း-ရာဇဂြိုလ်ကားလမ်းပေါ်မှာရှိတဲ့ လက်ပံချောင်းရွာ ဒေသခံ ဆလိုင်းဂျေစီက “ဂျာမနီ KFW က ကလေးမြို့ အနောက်မြောက် လမ်း လာလုပ်ပေးတာ ဒေသဖွံ့ဖြိုးရေးအတွက် အင်မတန် အကျိုးပြုပြီး ဝမ်းသာစရာကောင်းလှပါတယ်။တဖက်မှာ တာကြီးကြီး ဆောက်ထားသလိုဖြစ်နေတော့ မိုးရာသီ ရောက်လာမှာကို တွေးရင်း စိုးရိမ်မိတယ်။ အရင်လက မိုးနည်းနည်းလေးကျတဲ့ချိန်မှာတောင် မိုးရေတွေမစီးနိုင်လို့တချို့အိမ်ထဲမှာရေဝင်နေပြီ။ ဒါကြောင့် ကားလမ်းဘေးအိမ်တွေဆို အိမ်တွေပြန်မြှင့်တင်နေကြတယ်။ ဒီလိုဖြစ်တာက ပထမဆုံး ကွင်းဆင်းလေ့လာတဲ့ ကမ္ဘာဒီးယားကုမ္ပဏီတွေက ဒေသခံတွေနဲ့တွေ့ဆုံမှုမရှိပဲ သူတို့ကြိုက်သလို ဒီဇိုင်းဆွဲကြတာ။ ကျွန်တော်တို့လမ်းဟာ နဂိုက ပေ ၃၀ ကျော် ကျယ်တဲ့အတွက် ယဉ်ကြီးတွေလည်း အန္တရာယ်ကင်းစွာ ရှောင်သာတဲ့အနေအထားပါ။
ခုတော့ လမ်းရဲ့ ငါးပုံသုံးပုံစာလောက်ကိုသာ အသားကုန်မြှင့်လိုက်ပြီး လမ်းလုပ်ပစ်တော့ မတော်တဆဖြစ်နိုင်ခြေ အလွန်များနေပြီ။ ဘေး slope , pavement လည်း လုပ်မပေးတော့ မတော်လို့ accident ဖြစ်မိရင် အိမ်ထဲထိတောင် ကားတွေ အချိန်မရွေးဝင်လာနိုင်တယ်ဗျ။ ဒီလမ်း ခင်းတဲ့နောက်ပိုင်း နေ့တိုင်းဆိုသလို ယဉ်မတော်တဆမှု ဖြစ်ပွားနေတယ်။ KFW က လမ်းလာလုပ်ပေးတာ ဝမ်းသာဝမ်းနည်း ရင်တမမနဲ့ စောင့်ကြည့်နေရတယ်” လို့ပြောပါတယ်။