စစ်ကိုင်းတိုင်းတရားသူကြီးချုပ်သားမောင်းတဲ့ကားက ဟားခါးဘဏ်ဝန်ထမ်းတစ်ဦးတိုက်မိလို့သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်ရဲ့သား စိုင်းဝဏ္ဏအောင်(၃၂နှစ်)မောင်းနှင်တဲ့ယာဉ်က ဟားခါးမြို့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းအမျိုးသမီး မိုင်နှီအီယာန်း(၂၃ နှစ်)ကို တိုက်မိလို့ ဇန်နဝါရီလ(၃)ရက်ညတွင်သေဆုံးကြောင်းသတင်းရရှိပါတယ်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက် ညမှာ ဟားခါး-ဂန့်ဂေါလမ်းပေါ် ကုန်းမြင့်လယ်ယာရုံးအလွန် စိုင်းဝဏ္ဏအောင်မောင်းနှင်တဲ့ ကားအတက်၊ ဟားခါးမြို့ ပြည်တော်သာရပ်ကွက်နေ မိုင်နှီအီယာန်းစီးလာတဲ့ဆိုင်ကယ်အဆင်းမှာ မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုဖြစ်ပြီးနောက် ပေ ၁၀၀ ခန့်အကွာအထိ မိုင်နှီအီယာန်းဟာ ကားနဲ့ချိတ်မိသွားပါတယ်။ ဒါကြောင့် မိုင်နှီအီယာန်းဟာ ဘယ်ဘက်လက်ကျိုး၊ ညာဘက်ခြေထောက်ကျိုးပြီး မျက်နှာတစ်ခုလုံးပျက်စီးသွားပါတယ်။ ယင်းညမှာပဲ မိုင်နှီအီယာန်းကို မန္တလေးဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဦးနှောက်သွေးယိုလို့ ဇန်နဝါရီလ(၃)ရက်ညနေ (၈)နာရီမှာ မန္တလေးပြည်သူ့ဆေးရုံတွင်သေဆုံးသွားပါတယ်။
ချင်းပြည်နယ် တရားသူကြီးချုပ် ဦးဆန်နီထန်ကျူံးက စစ်ကိုင်းတိုင်း တရားသူကြီးချုပ်ကို နှစ်သစ်ကူးအတူဆင်နွဲဖို့ဖိတ်ခေါ်တာကြောင့် စိုင်းဝဏ္ဏအောင်လည်း ဟားခါးမြို့သို့ အတူလိုက်ပါလာခြင်းဖြစ်ပါတယ်။
မိုင်နှီအီယာန်းရဲ့ ဦးလေးတော်စပ်သူ ဦးဟရဲကျင်(Pu Hre Cem)က “ယာဉ်ထိန်းရဲတွေ အိမ်ကိုလာတယ်။ အခင်းဖြစ်ပုံတွေ၊ သက်သေပစ္စည်းအကျီတွေလာယူသွားတယ်။ ဥပဒေအရလုပ်ဆောင်မယ်။ နင်တို့လာပြီး အမှုတင်စရာမလိုဘူးတဲ့။ ချင်းပြည်နယ်တရားသူကြီးချုပ် ဝင်းမြင့်ကျော်၊ သိက္ခာတော်ရဆရာငွန်ထောင်မန်၊ မြို့မိမြို့ဖဘက်က ဦးရာလ်ခမ်းတို့က ဒီမနက်(ဇန်နဝါရီ ၄ ရက်)လာလည်ပြီးတော့ ချင်းဓလေ့ထုံးစံနဲ့သဂြိုလ်ပေးမယ်လို့ပြောပေမယ့် လက်မခံဘူး။ ဦးဝင်းမြင့်ကျော်က သေပြီဆိုတော့ အမှုပုဒ်မပြန်ပြောင်းခိုင်းတယ်၊ ဖမ်းမိန့်ထုတ်ပေးဖို့ အမိန့်ထုတ်လိုက်ပြီတဲ့။ ယာဉ်မောင်းကိုတော့ ယာဉ်တိုက်မှုဖြစ်ပြီးနောက်နေ့မှာ အာမခံပေးပြီးတော့ မုံရွာကိုပြန်သွားတယ်။ ခုထိမဖမ်းမိသေးဘူး”လို့ပြောပါတယ်။
မိုင်နှီအီယာန်းအလောင်းဟာ မန္တလေးဆေးရုံကနေ ဂန့်ဂေါမြို့ကို ဒီည ၁၀း၃၀နာရီမှာရောက်ရှိပြီး ဇန်နဝါရီ(၅)ရက် နံနက်မှာ ဟားခါးမြို့ကိုရောက်ရှိမှာဖြစ်ပါတယ်။