မတ် ၂၇ ၊၂၀၂၆
Zalen
စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာကာလ ကျော်အတွင်း စစ်အုပ်စု လေကြောင်း ကနေဗုံးကြဲတိုက်ခိုက်လို့ မွေးကင်းစကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၄,၂၀၀ ကျော်သေဆုံး ခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့- Blood Money Camping က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီဖြစ်စဉ် ကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၆ ခုနှစ် မတ်လ ၁၉ ရက်နေ့အထိ ၅ နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၆,၉၀၀ ကျော် (၆,၉၈၆ ကြိမ်) ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုမှာမွေးကင်းစကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၄,၂၀၀ ကျော် (၄,၂၉၉ ဦး) သေဆုံးခဲ့ပြီး၊ ၂၀၂၆ ခုနှစ် မတ်လ တစ်လတည်းတွင်ပင် လူအစုအလိုက်အပြုံလိုက် သေဆုံးစေခဲ့တဲ့ ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

၂၀၂၆ ခုနှစ် မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေကတော့ မတ်လ ၅ ရက် နေ့က ကရင်ပြည်နယ်၊ ကျောက်ကြီးမြို့နယ် က ရေတွင်းကုန်း၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာများကို ဂျက်ဖိုက်တာနှင့် ဒရုန်းများဖြင့် ဗုံးကြဲခဲ့ရာ အသက် ၁၀ နှစ်အောက် ကလေး ၅ ဦး အပါအဝင် ပြည်သူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မတ်လ ၈ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က ဒါးလက် ချောင်းဒေသရှိ စစ်သုံ့ပန်းစခန်းတစ်ခုကို တိုက်လေယာဉ် ၄ စီး၊ Y-12 ထောက်ပို့လေယာဉ် ၄ စီးဖြင့် ဗုံးကြဲခဲ့ရာ စစ်သုံ့ပန်းနှင့် အရပ်သား ၁၁၆ ဦး သေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် မတ်လ ၁၀ ရက်မှာတော့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စင်းခန်းကျေးရွာအနီးရှိ ရွှေမှော်လုပ်ကွက်ကို တိုက်လေယာဉ်နှင့် Y-12 လေယာဉ်တို့ဖြင့် တိုက်ခိုက်ခဲ့ရာ လူ ၃၀ ကျော် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး မတ်လ ၂၀ ရက် က စစ်ကိုင်းတိုင်း၊ ကသာမြို့ မဟာလေးထပ်ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ရာ ဆွမ်းဘုန်းပေးနေတဲ့ သံဃာတော်များ၊ ကလေးငယ်များနှင့် စစ်ရှောင်ပြည်သူ ၅၀ ထက်မနည်း အသက်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်မှာတော့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ က စစ်အုပ်စုက အရပ်ဘက်သုံး လေယာဉ်ဆီများကို အဓမ္မသိမ်းယူကာ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်နေခြင်းကြောင့် နိုင်ငံတကာအစိုးရများအနေနဲ့ လေယာဉ်ဆီတင်သွင်းမှုနှင့် ရေကြောင်းအာမခံဝန်ဆောင်မှုများကို အရေးပေါ်ပိတ်ဆို့အရေးယူရန် အလေးအနက် တောင်းဆိုထားပါတယ်။
သတင်း – ညီစေ




















