တမူးမြို့ကို စွန့်ခွာထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူများ မိမိနေအိမ်သို့ ပြန်လာ‌ကြရန် စစ်‌ကောင်စီကဖိအားပေး ခြိမ်းခြောက်နေ

ဖေဖော်ဝါရီ ၁၉ရက် ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဇန်နဝါရီလဆန်းပိုင်းကနေ မြို့ကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံများ မိမိတို့နေအိမ်သို့ ပြန်လည်နေထိုင်ရန် ဖိအားပေးခြိမ်းခြောက်နေတယ်လို့ စစ်ရှောင်များထံကသိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက တမူးမြို့မှာ မြို့သိမ်းတိုက်ပွဲဆင်နွဲမယ့် သတင်းကြောင့် တမူးမြို့ဒေသခံပြည်သူအချို့က အိန္ဒိယနယ်စပ်နဲ့ အခြားဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

အခုလို ထွက်ပြေးတိမ်ရှောင်နေတဲ့ ဒေသခံများအား စစ်ကောင်စီတပ်များက ၎င်းတို့နေအိမ်သို့ ပြန်လည်နေထိုင်ခြင်း မရှိ ပါက ၎င်းတို့နေအိမ်များကို အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်များရဲ့ မိသားစုဝင်များကို အပိုင်ပေးနေခိုင်းမှာဖြစ်ပြီး လူမရှိတဲ့အချို့အိမ်တွေကို ဖျက်ယူရလိပ့်မယ်လို့ ဖိအားပေးခြိမ်းခြောက်နေတာဖြစ်ပါတယ်။

“မြို့ကိုပြန်လာနေဖို့ ဖိအားပေးခြိမ်းခြောက်တာဟုတ်ပါတယ်။ တိုက်ပွဲလည်းရှိတော့ မပြန်ရဲကြဘူးလေ။ တချို့ကတော့ အိမ်စောင့်အဖြစ်နဲ့ မိသားစုတစ်ခုမှာ ၁ယောက် ၂ယောက်ပြန်နေကြပါတယ်။ အိမ်ဖျက်မယ်ဆိုတာ အခုလက်တွေ့ဖျက်နေကြပါပြီ။ ကျွန်မသိသလောက် ၄, ၅အိမ်လောက်ရှိပြီ။ အိမ်တွင်းပစ္စည်းယူတယ်။ အမိုးအကာတွေဖျက်ယူသယ်သွားတာ” လို့ စစ်ရှောင်တစ်ဦးက Zalen ကိုပြောပါတယ်။

စစ်ကောင်စီတပ်က တမူးမြို့မှာ လူမနေတဲ့အိမ်တွေကို စာရင်းကောက်ပြီး ယခုလဆန်းပိုင်းကနေစလို့ ၎င်းတို့ရဲ့ လက်အောက်ခံပျူစောထီးမိသားစုဝင်တွေကိုပေးဖို့ စတင်ဖျက်ယူနေတာဖြစ်ပါတယ်။

” သုံးဘီးနဲ့လာပြီး လူမရှိတဲ့အိမ်က ပစ္စည်းတွေသယ်သွားကြတာပဲ။ အိမ်အမိုးအကာတင်မကဘူး ခြံဝင်းအကာတွေလည်းဖျက်ယူသွားတာပဲ။ ဆေးသမားတွေကဖျက်ခိုးလိုက်၊ သူတို့ကဖျက်သယ်သွားလိုက် ဘယ်သူမှလဲဝင်မပြောရဲကြဘူး သူခိုး၊ ဓားပြထက်တောင်ဆိုးနေကြပြီ” လို့မြို့ခံတစ်ဦးကလည်း ပြောပြပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့မှာ မြို့သိမ်းတိုက်ပွဲဆင်နွဲမယ် ဆိုတဲ့ သတင်းကြောင့် ဇန်နဝါရီလဆန်းပိုင်းကစပြီး တမူးမြို့ခံပြည်သူ ၂၅၀၀ခန့်ဟာ တမူးမြို့ကိုစွန့်ခွာပြီး အိန္ဒိယနယ်စပ်နဲ့ လုံခြုံတဲ့အခြားဒေသတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ ယနေ့ထိနေရပ်မပြန်နိုင်ဘဲ ဖြစ်‌နေကြပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၇ရက်နဲ့ ၃၀ရက်ရက်နေ့က တမူးမြို့နယ် အထက်ပိုင်းနဲ့ အောက်ပိုင်းတွေမှာ ရက်ရှည်တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံ ရာနဲ့ချီထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ CNA အဖွဲ့များနဲ့အတူ ခဲယမ်းပစ္စည်းမျိုးစုံ ဖမ်းဆီးဆိုတဲ့ သတင်းအမှား

Zalen မတ်လ ၂၉ ရက်၊ ၂၀၂၅ ခုနှစ် မြန်မာ- အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်၊ လုံလဲမြို့ နေအိမ်တစ်အိမ်မှာ ချင်းအမျိုးသားတပ်မတော် (CNA) အဖွဲ့များနဲ့အတူ ခဲယမ်းပစ္စည်းမျိုးစုံ ဖမ်းဆီးရမိဆိုတဲ့ ခေါင်းစဥ်နဲ့ Sai Pan Hpa ...

ဆက်ဖတ်ရန်