ဇန်နဝါရီ ၃၊ ၂၀၂၆
Zalen
တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ အသံစာအုပ်တပုဒ် ဂီတလောကရဲ့ အမြင့်ဆုံးဆု ဖြစ်တဲ့ ဂရမ်မီ ဆု ဆွတ်ခူးရရှိခဲ့မှုအပေါ် တရုတ်အစိုးရက ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်တုံ့ပြန်လိုက်ပါတယ်။

ဒါဟာ နိုင်ငံရေးအရ အမြတ်ထုတ်မှုသက်သက်သာဖြစ်တယ်လို့ ဝေဖန်ရှုတ်ချထားပါသေးတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာ ဒလိုင်းလားမားရဲ့ “Meditations: The Reflections of His Holiness the Dalai Lama” အမည်ရှိ အသံစာအုပ်ဟာ “အကောင်းဆုံး အသံစာအုပ်၊ ရွတ်ဆိုခြင်းနဲ့ ဇာတ်ကြောင်းပြောခြင်း” အမျိုးအစားမှာ ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
“ဒီဆုဟာ ကျွန်တော်တို့အားလုံး ရှိရမယ့် ဘုံတာဝန်ဝတ္တရား အသိအမှတ်ပြုခြင်းဖြစ်တယ်လို့ ရှုမြင်ပါတယ်။ ဂုဏ်ပြုခံရတဲ့အတွက် ကျေးဇူးတင်ရှိသလို လေးမြတ်စွာနဲ့ လက်ခံရယူပါတယ်”လို့ ဒလိုင်းလားမားက မိန့်ကြားခဲ့ပါတယ်။
အိန္ဒိယမှာ ပြည်ပရောက်အဖြစ် သီတင်းသုံးနေတဲ့ ဒလိုင်းလားမားအပေါ် တရုတ်အစိုးရက အစဉ်တစိုက် ဖိအားပေးလေ့ရှိတဲ့အတိုင်း အခုဆုရရှိမှုကိုလည်း “နိုင်ငံရေးကစားကွက်” အဖြစ် သတ်မှတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ လင်ကျန်းက “၁၄ ယောက်မြောက် ဒလိုင်းလားမားဟာ ဘာသာရေးခေါင်းဆောင် သက်သက်မဟုတ်ဘဲ ဘာသာရေးကို အကြောင်းပြပြီး တရုတ်ဆန့်ကျင်ရေး၊ ခွဲထွက်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ နိုင်ငံရေးသမားတဦး ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပါ” လို့ ဆိုပါတယ်။
အခုလို ဂီတနဲ့ အနုပညာဆုတွေကို အသုံးချ၍ တရုတ်နိုင်ငံရဲ့ ပုံရိပ် ထိခိုက်စေဖို့နဲ့ နိုင်ငံရေးအရ အသုံးချနေခြင်းကို လုံးဝကန့်ကွက်ကြောင်း လင်ကျန်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ဒလိုင်းလားမားဟာ ၁၉၅၉ ခုနှစ် တိဗက်ပုန်ကန်မှုအပြီးမှာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက် ကမ္ဘာအနှံ့ လှုပ်ရှားခဲ့သူဖြစ်ပါတယ်။
သူဟာ ၁၉၈၉ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ဖူးပေမဲ့ တရုတ်အစိုးရကမူ ၎င်းကို အန္တရာယ်ရှိသော ခွဲထွက်ရေးသမားတဦးအဖြစ်သာ သတ်မှတ်ထားဆဲဖြစ်ပါတယ်။
သတင်း-ဆလိုင်း
ကိုးကား-နိုင်ငံတကာသတင်းများ
ဓာတ်ပုံ-လူမှုကွန်ယက်
#ဒလိုင်းလားမား #ဂရမ်မီဆု#တရုတ် #Zalen


















