ဒီဇင်ဘာ ၁၆၊ ၂၀၂၄။
Zalen
တော်လှန်ရေးအလှူငွေ ရူပီး သိန်း ၁၂၀ ခန့်ကို ခိုးယူသွားပြီး အိန္ဒိယနိုင်ငံဘက်ထွက်ပြေးတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ကို အိန္ဒိယစစ်တပ်မှ ဖမ်းဆီးဆိုတဲ့ သတင်းကို မှိုင်းဝေအမည်ရှိ တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာလ ၇ရက်နေ့က ရေးသားဖော်ပြထားပါတယ်။
Subscribers ၂၆၉,၆၆၄ ခန့်ရှိတဲ့ မှိုင်းဝေအမည်ရှိ တယ်လီဂရမ်ချန်နယ်က ” တော်လှန်ရေးအလှူငွေ ရူပီး သိန်း ၁၂၀ ခန့်ကို ခိုးယူပြီး အိန္ဒိယဘက်ပြေးတဲ့ ချင်းပဒပ်ကို အိန္ဒိယစစ်တပ်မှ ဖမ်းဆီး။” လို့ ရေးသားဖော်ပြ ထားပါတယ်။
မူရင်းသတင်းလင့်ခ်
အဲ့ဒီသတင်းကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီအချိန်ထိ Reaction ပေးသူ ၉၀၀ ကျော်၊ ဖတ်ရှုသူ ၅၆,၀၀ ကျော်ရှိပြီး မူရင်းရေးထားတဲ့ သတင်းကို တခြားတယ်လီဂရမ်ချန်နယ်တွေမှာ ပြန်လည်မျှဝေထားတာတွေ တွေ့ရပါတယ်။
ပြန်လည်မျှဝေထားတဲ့ သတင်းလင့်ခ်
စိစစ်တွေ့ရှိချက်
__________
Zalen Fact – Checking Team က စိစစ်တဲ့အခါ တော်လှန်ရေးအလှူငွေ ရူပီး သိန်း ၁၂၀ ခန့် ခိုးယူသွားပြီး အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ကို အိန္ဒိယစစ်သားမှ ဖမ်းဆီးတယ်ဆိုတာ မတွေ့ရှိရပါ။
လွတ်လပ်တဲ့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Zalen က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားတစ်ဦးဆီက အိန္ဒိယရူပီ သိန်း ၁၂၀ ကျော် သိမ်းဆည်းရမိတယ်လို့ ဒီဇင်ဘာလ ၆ ရက်နေ့က သတင်းဖော်ပြထားပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဆီက သိမ်းဆည်းခဲ့တာလို့ ဖော်ပြထားခြင်း မရှိပါ။
သတင်းလင့်ခ်
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ဒီဇင်ဘာလ ၆ရက်နေ့ ညက မြန်မာနိုင်ငံသားတစ်ဦးဆီက အိန္ဒိယရူပီး သိန်း ၁၂၀ ကျော် အိန္ဒိယစစ်သားတွေ ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး ဘာမှမသိရှိရကြောင်းနဲ့ မိမိတို့အဖွဲ့အစည်းနဲ့လည်း ပတ်သက်ဆက်နွယ်တာမရှိဘူးလို့ ချင်းလဲန်းကောင်စီ (CC) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၎င်းက “အခုဖြစ်စဥ်က ကျွန်တော်တို့နဲ့ ဘာမှမဆိုင်တဲ့အတွက် ဘာမှလည်းမသိဘူးဖြစ်နေတယ်။ အကယ်လို့ ကျွန်တော်တို့ အဖွဲ့အစည်းထဲကဆို ကျွန်တော်တို့ အသေးစိတ်ပြောပြပေးလို့ရတာပေါ့နော်။ ဒါပေမဲ့ အခုဟာက ကျွန်တော်တို့နဲ့မဆိုင်တဲ့အတွက် ပြောပြပေးဖို့က ဘာမှမသိရတော့ ပြောပြပေးဖို့က ခက်တယ်။ ပြောပြပေးဖို့ မရဘူး။”လို့ ဆိုပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ်မှာ အခုဖြစ်စဥ်နဲ့ ဆင်တူယိုးမှားတွေ မကြာခဏ ကြားနေရတယ်လို့ CC တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးရမိသူဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် မဟုတ်ကြောင့် စစ်ကောင်စီဘက်က ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ပုံရိပ်ထိခိုက်အောင် ဝါဒဖြန့်နေတာဖြစ်သလို့ ကျွန်တော်တို့နဲ့ ပြည်သူလူထုကြား အထင်မြင်လွဲမှားအောင် ဝါဒဖြန့်ချီနေတာဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့(CB) ပြောခွင့်ရတစ်ဦးက ပြောပါတယ်။
၎င်းက “အိန္ဒိယနယ်စပ်မှာ အရင်ကတည်းက မကြာခဏ ကြားနေရတဲ့ကိစ္စတွေပါ။ ဒါကို စစ်ကောင်စီတပ်က ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် အချိန်ကိုက်ဝါဒဖြန့်နေတာပါ။ ဖမ်းဆီးခံရတဲ့သူက ချင်းကာကွယ်ရေးတပ်ဖွဲ့မဟုတ်သလို ကျွန်တော်တို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေထဲ အလှူငွေခိုးယူပြီး ထွက်ပြေးတာလည်းမရှိဘူး။ ကျွန်တော်တို့က တစ်ခုခုဆို လိုအပ်ရင် ထုတ်ပြန်ချက်တွေလုပ်ပါတယ်။ အခုဖြစ်စဥ်က ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး။”လို့ ဆိုပါတယ်။
စစ်ကောင်စီထောက်ခံအားပေးသူတွေ နေ့စဥ် ဖြန့်ဝေထားတဲ့ တော်လှန်ရေးသတင်းတွေနဲ့ပတ်သက်ပြီး ပြည်သူတွေ သိချင်တာတွေရှိရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ CB ပြောခွင့်ရက ပြောပါတယ်။
သုံးသပ်ချက်
_______
မှိုင်းဝေအမည်ရှိ တယ်လီဂရမ်ချယ်နယ်ဟာ စစ်ကောင်စီ ထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်ပြီး တော်လှန်တပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ မဟုတ်မမှန်သတင်းတွေ ရေးသားဖော်ပြနေတာ တွေ့ရပါတယ်။
သတင်းအမှားဖြစ်ကြောင်းစစ်ဆေးထားတာကို အောက်ဖော်ပြပါလင့်ခ်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
အထက်ပါ ဒေသတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တာဝန်ရှိသူတွေ ပြောဆိုချက်အရ ဒီဇင်ဘာလ ၆ရက်နေ့ ညက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ အိန္ဒိယရူပီ သိန်း ၁၂၀ ကျော် ဖမ်းဆီးရမိဆိုတဲ့ အချက်အလက်မှာ မှန်ကန်ပြီး ဖမ်းဆီးခံရတဲ့သူဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဆိုတဲ့ အချက်အလက်မှာ မှားယွင်းနေပါတယ်။
စာဖတ်ပရိသတ်အနေနဲ့လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ ဒေသတွင်း ယုံကြည်စိတ်ချပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာ သွားရောက်လေ့လာဖတ်ရှုဖို့ တိုက်တွန်းချင်ပါတယ်။
Zalen စာဖတ်ပရိသတ်အနေဖြင့်လည်း ဒေသတွင်း သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကို Zalen လူမှုကွန်ရက်စာမျက်နှာ Facebook Chat Box ကနေတဆင့် သတင်းရဲ့ Links (သို့) Screen Short ပုံပေးခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။