Salai Van Lian Thang
မြန်မာတစ်နိုင်ငံလုံးမှာ ဗိုလ်ချုပ်အဆင့် ကွပ်ကဲသော တိုင်းစစ်ဌာနချုပ် ၁၄ ခု ရှိပြီး လွတ်လပ်ရေးရရှိပြီးနောက် ကိုးကန့်တပ်မတော် (MNDAA) က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပထမဆုံးအကြိမ်ဖြင့် ဇူလိုင် ၂၅ ရက်က သိမ်းပိုက်ပြီးသမိုင်းဝင်ဖြစ်သွားပါတယ်။ တိုင်းစစ်ဌာနချုပ် (RMC) ကို ကချင် KIA တပ်ဖွဲ့က အရင် သိမ်းပိုက်မလား၊ ရခိုင် AA တပ်ဖွဲ့က အရင် သိမ်းပိုက်မလားဆိုပြီး မိမိတို့ စောင့်ကြည့်လာခဲ့ကြရာ ကိုးကန့် တပ်ဖွဲ့က အရင်ဆုံး သိမ်းပိုက်ပြီး အောင်ပွဲခံသွားပါတယ်။
၁၉၈၃ ခုနှစ်၊ ဗိုလ်နေဝင်း လက်ထက်တွင် မိုင်းယောင်းမှာ ဗမာြပည်ကွန်မြူနစ်ပါတီ (BCP) တပ်ဖွဲ့က တပ်ရင်းတစ်ခုနှင့် ၂၀၀၆ ခုနှစ်၊ ဗိုလ် သန်းရွှေ လက်ထက်တွင် ပဲခူးတိုင်းမှာ တပ်ရင်းတစ်ခုကို KNU က သိမ်းပိုက်နိုင်ခဲ့တာက လွဲပြီး မြန့်မာ့သမိုင်းမှာ တပ်ရင်းဌာနချုပ် (Battalion Headquarters) သိမ်းပိုက်နိုင်တယ်ဆိုတာ မရှိခဲ့ဖူးပါ။ ပြောက်ကျားစစ်ကိုသာ အဓိက ထားတိုက်ခိုက်လာခဲ့ကြတယ်။
နွေဦးတော်လှန်ရေးအစပိုင်းနှစ်တွင်လည်း မြို့ငယ်လေးတွေ၊ ရှေ့တန်းစခန်း၊ လုံခြုံရေးစခန်းနဲ့ ခံစစ်စခန်း လောက်တွေကိုသာ သိမ်းပိုက်နိုင်ခဲ့ကြပြီး အထိုင်တပ်ရင်းဌာနချုပ်တွေကို ရယူသိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပေ။ စစ်ကောင်စီကို ဖြုတ်ချနိုင်လောက်အောင် တိတိပပ လုပ်ဆောင်နိုင်တာ မရှိခဲ့ပါ။ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်းတွင် တစ်နိုင်ငံလုံး၌ စစ်ဆင်ရေး အရှိန်မြင့်လာပြီး နွေဦးတော်လှန်ရေး အခင်းအကျင်း လုံး၀ ပြောင်းလဲသွားပါတယ်။
မြန်မာနိုင်ငံတွင် တိုင်းစစ်ဌာနချုပ် ၁၄ ခု၊ တပ်မ ဌာနချုပ် ၁၀ ခု၊ စကခ ဌာနချုပ် ၂၀ ခု၊ ဒကစ ဌာနချုပ် ၆ ခု၊ တပ်ရင်း ၅၄၂ ရင်း၊ စစ် စခန်း ၅၂၈၀ ခန့် မြို့နယ် ၃၃၀ ရှိပါတယ်။ လက်ရှိတွင် စစ်စခန်း ၂၅၀၀ ကျော်ကို သိမ်းပိုက်ပြီးဖြစ်တယ်။ ဒုဗိုလ်မှုးကြီးအဆင့် ကွပ်ကဲသော တပ်ရင်းဌာနချုပ် ၈၀ ကျော်ကို သိမ်းပိုက်ခဲ့ပြီးဖြစ်တယ်။ မြို့ ၇၀ ခန့် ကို သိမ်းပိုက်ခဲ့ပြီး တပ်ရင်းဌာနချုပ် မက ဗိုလ်မှူးချုပ်အဆင့်ဦးစီးသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ကိုပါ ထပ်ဆင့် သိမ်းပိုက်နိုင်ခဲ့တယ်။ ယနေ့တွင် ထို အဆင့်ကို တက်လှမ်းပြီး ဗိုလ်ချုပ်အဆင့် ဦးစီးကွပ်ကဲသော တိုင်းစစ်ဌာနချုပ် တစ်ခုကို သိမ်းပိုက်နိုင်ပါပြီ။ မကြာခင်တွင်ရခိုင်ပြည်နယ်၌ တိုင်းစစ်ဌာနချုပ် တစ်ခုကို ထပ်မံ သိမ်းပိုက်ရန် မျော်လင့်ချက် မြင့်မားကြတယ်။
မြန်မာစစ်တပ်၏ ပင်မတိုက်ခိုက်ရေးတပ် (combat troops) များ ဖြစ်ကြသော တပ်ရင်း ၁၀၀ ဖြင့် ဖွဲ့စည်းထားသည့် ခြေမြန်တပ်မဌာနချုပ် ၁၀ ခုနှင့် တပ်ရင်း ၂၀၀ ဖြင့် ဖွဲ့စည်းထားသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂၀ ခု၊ စုစုပေါင်း တပ်ရင်း ၃၀၀ ခန့် သည် တနိုင်ငံလုံး နေရာအသီးသီးတွင် နွေဦးတော်လှန်ရေးတပ်ဖွဲ့များနှင့် အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ၃ နှစ်ပြည့် အစီရင်ခံစာအရ ယင်း တပ်ရင်း ၃၀၀ ထဲတွင် ၃ ပုံ ၂ ပုံ ခန့် သည် ယိုယွင်း ပြုန်းတီးခဲ့ပြီဟု ဆိုပါတယ်။
ထို့ကြောင့် ရှည်လျားလှသော တိုင်းရင်းသားလူမျိုးတွေရဲ့ တော်လှန်ရေးသမိုင်းကြောင်းတွင် ပါရာဒိုင်းအရွေ့ဖြစ်ပါတယ်။ “သိမ်းဖို့ခက်တယ်၊ လုံး၀ မဖြစ်နိုင်” ဆိုတာ လုံး၀ ဖြစ်ပွားလျက်ရှိနေပြီး တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းကာ အခြေအနေ လုံး၀ ပြောင်းလဲသွားပြီ။ ၂၀၂၁ ခုနှစ်တွင် ရှေ့တန်းစခန်း၊ လုံခြုံရေးစခန်းနဲ့ ခံစစ်စခန်း သိမ်းပွဲများမှတဆင့် ၂၀၂၂ ခုနှစ်တွင် တပ်ရင်းဌာနချုပ် သိမ်းပွဲ၊ ၂၀၂၃ ခုနှစ်တွင် ဒကစ ဌာနချုပ် သိမ်းပွဲ၊ ၂၀၂၄ ခုနှစ်တွင် တိုင်းစစ်ဌာနချုပ် သိမ်းပွဲ စသဖြင့် အဆင့်ဆင့် တက်လှမ်းလာနိုင်ပြီးဖြစ်တယ်။ လမ်းများအားလုံးနေပြည်တော်သို့ ဦးတည်နေပြီး ၂၀၂၅ ခုနှစ်တွင် နေပြည်တော် စစ်ရုံးချုပ် အခြေအနေဘယ်လို ရှိမလဲ။ ၁၀၂၇ စစ်ဆင်ရေးမှာ “နံပါတ် ၂၇” က ၂၀၂၇ ခုနှစ်ကို ရည်ညွန်းဆိုလိုတာများလာ၊ သေချာ မိမိ မသိပါ။ သေချာတာသည် မြန်မာပြည်တွင်းစစ်သမိုင်းမှာ ပါရာဒိုင်းအရွေ့ဖြစ် တစ်နှစ်ထက်တစ်နှစ် တောာ်လှန်ရေး အောင်မြင်မှု အရှိန်အဟုန် မြင့်မားလာနေပါတယ်။
ချင်းပြည်ဖက်ကို တစ်ချက် လှည့်ကြည့်ပါက
ဖေဖော်ဝါရီလ၊ ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အတွင်း ဇူလိုင်လတွင် မကွီအိမ်နူးမြို့ တပ်စခန်းနှင့် စက်တင်ဘာလတွင် လုံလဲရ် တပ်စခန်းကို တနိုင်ငံလုံး လူထုအုံကြွမှုအရှိန်အဝါနှင့်အတူ သိမ်းပိုက်နိုင်ခဲ့တာက လွဲ၍ တစ်နှစ်လုံး ၂၀၂၂ ခုနှစ်အတွင်း တခြား တပ်စခန်းသိမ်းပိုက်နိုင်တာ မရှိခဲ့ပါ။ စစ်တပ်က စွန့်ခွာသည့် မြို့ ၃ မြို့နှင့် စခန်းငယ်များသာရှိပါတယ်။ ၂၀၂၃ ခုနှစ်၊ နှစ်ကုန် နီးပါးအထိလည်း ထန်တလန်မြို့ ရဲစခန်းကို ဖေဖော်ဝါရီလ နှင့် ဗါရ်းစခန်းကို ဧပြီလတွင် သိမ်းပိုက်နိုင်ခဲ့တာက လွဲ၍ မြို့တွေ၊ တပ်စခန်းတွေ သမ်းပိုက်နိုင်ခဲ့တာ မရှိပါ။
၁၀၂၇ စစ်ဆင်ရေး ပေါ်လာပြီးမှသာ ချင်းပြည်နယ်အပါအဝင် တနိုင်ငံလုံး စစ်ဆင်ရေး အခင်းအကျင်း လုံး၀ ပြောင်းလဲသွားခဲ့တယ်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး အရှိန်အဝါကြီးက တနိုင်ငံလုံးသို့ ကူးစက်ပျံ့နှံ့သွားခဲ့တယ်။ ထို အရှိန်ဝါကြောင့် နိုဝင်ဘာလထဲတွင် မြို့ ၃ မြို့ (ရိဒ်ခေါဒါရ်၊ လိုင်းလင်ပီ၊ ရေဇွာ) နှင့် စခန်း ၇ ခု ကို ချက်ချင်း သိမ်းပိုက်နိုင်ခဲ့တယ်။ ထို နိုဝင်ဘာလ ထဲတွင် ကရင်နီ ကလည်း ၁၁၁၁ စစ်ဆင်ရေးကို စတင် ဖော်ဆောင်လာခဲ့တယ်။ ထို နိုဝင်ဘာလထဲတွင် အေအေ ကလည်း ပလက်၀ဒေသတွင် စစ်ဆင်ရေး ပြန်လည် စတင်လာခဲ့တယ်။ ကရင်အဖွဲ့ ကလည်း စစ်တပ် စခန်းကြီးတွေ စတင် သိမ်းပိုက်လာခဲ့တယ်။
ထို အရှိန်အဝါနှင့်အတူ ချင်းတော်လှန်ရေးတပ်ဖွဲ့များသည် ဒီဇင်ဘာလတွင် စခန်း ၂ ခု (ဘုံဇုံးနှင့် ထယ်ဘွေးတပ်စခန်း) ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်။ ထိုလမှစ၍ ချင်းညီနောင်အဖွဲ့ကလည်း ကျင်ဒွေးမြို့သိမ်းပွဲကို စတင်လာခဲ့တယ်။ ပလက်၀ဒေသတွင် စခန်းသိမ်းပွဲ အရှိန်မြင့်လာပြီး ဇန်နဝါရီလတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များသည် စခန်း ၂ ခု (ရှင်းလက်၀ နှင့် သိုင်းငင်း) ကို သိမ်းပိုက်နိုင်ခဲ့တယ်။ အေအေ အဖွဲ့ က ဇန်နဝါရီ ၁၄ တွင် ပလက်၀ဒေတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်ပြည်နယ်သို့ စစ်ဆင်ရေးကို အရှိန်မြင့်တင် တိုးချဲ့ခဲ့တယ်။ မတ်လတွင် KIA ဦးဆောင်သော ၀၃၀၇ စစ်ဆင်ရေး စတင်လာပြီး၊ တနိုင်ငံလုံးတွင် မြို့သိမ်းပွဲ အရှိန်အဟုန်မြင့်မားလာတယ်။ ထို အရှိန်အဝါနှင့်အတူ ချင်းတော်လှန်ရေးတပ်ဖွဲ့များကလည်း မေလတွင် မြို့ ၃ မြို့ (ကျင်ဒွေး၊ ကျီခါး၊ တွန်းဇံ) ကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်။ ထိုသို့ အဆင့်ဆင့် တက်လှမ်းလာပြီး မကြာသေးမှီ ဇွန်လတွင် ချင်းပြည်တောင်ပိုင်တွင် အကြီးမားဆုံးသော မတူပီအခြေချစစ်ဗျုဟာအဖွဲ့ နှင့်အတူ တပ်ရင်း ၂ ရင်းကို ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့က အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်။ ယင်းသည် ရှည်လျားလှသော ချင်းတော်လှန်ရေးသမိုင်းကြောင်းတွင် မကြုံစဖူး ကြီးမားသော အောင်မြင်မှုကြီးတစ်ခုဖြစ်တယ်။
ချင်းတော်လှန်ရေးသမိုင်းရဲ့ ပါရာဒိုင်းအရွေ့
ခြုံကြည့်ပါက ချင်းပြည်နယ်ရှိ မြို့ ၂၀ တွင် မြို့ ၁၀ ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ပြီးဖြစ်တယ်။ မြို့ ၃ မြို့ကို စစ်တပ်က စွန့်ခွာပြီး၊ လက်ရှိတွင် မြို့ ၇ မြို့ ကျန်သေးတယ်။ ချင်းပြည်နယ်တွင် စစ်တပ် စခန်း ၅၃ ခုခန့်ရှိရာ ရဲနှင့်တပ်စခန်း ၂၀ ခန့်ကို သိမ်းပိုက်နိုင်ခဲ့ပြီ။ စခန်း ၁၂ ခုကို စစ်တပ်မှ စွန့်ခွာခဲ့တယ်။ အခြေချစစ်ဗျုဟာ ၂ ခု ရှိရာ မတူပီစစ်ဗျုဟာ ၁ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဟားခါးစစ်ဗျုဟာ ၁ ခု ကျန်ပါသေးတယ်။ ချင်းပြည်နယ်ရှိ တပ်ရင်းဌာနချုပ် ၆ ရင်းအနက် ၂ ရင်းကို ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး၊ ၄ ရင်း သိမ်းပိုက်ရန် ကျန်သေးတယ်။ ချင်းပြည်နယ်မြောက်ပိုင်းတွင် ၃ ရင်း၊ တောင်ပိုင်းတွင် ၁ ရင်း သိမ်းပိုက်ရန် ကျန်သေးတယ်။
လက်ရှိတွင် ချင်းပြည်နယ်တောင်ပိုင်းရှိ မင်းတပ်မြို့ကို ချင်းညီနောင်၏ CB စစ်ဆင်ရေးက သော်လည်းကောင်း၊ မြောက်ပိုင်းရှိ ထန်တလန်မြို့ကို ချင်းပြည်ကောင်စီ၏ တီလိမ်း Tilim စစ်ဆင်ရေး အပိုင်း(၄)က သော်လည်းကောင်း သိမ်းပိုက်ရန် ကြိုးပမ်းနေကြဆဲဖြစ်တယ်။ ဘယ်တော့ ချင်းတော်လှန်ရေးတပ်ဖွဲ့များကလည်း နေပြည်တော်သို့ ဦးတည်ချီတက်နိုင်ကြမည်နည်း။ ဘယ်တော့ တခြား တော်လှန်ရေးအဖွဲ့များနှင့်အတူ စစ်ဗျုဟာ (ခန္တီး)၊ ဒကစ (ကလေး)၊ နမခ နယ်မြေအတွင်းရှိ ခြေမြန်တပ်မ နှင့် စကခ ဌာနချုပ်များနှင့် တိုင်းစစ်ဌာနချုပ် (မုံရွာ) မှတဆင့် နေပြည်တော် စစ်ရုံးချုပ်သို့ ဦးတည်ချီတက်ကြမည်နည်း။ ဒါမှမဟုတ် ချင်းပြည်နယ်ထဲတွင် အချင်းချင်း တိုက်ခိုက် ရန်ဖြစ်ပြီး တော်လှန်ရေးလမ်းစဉ်ကနဲ သွေဖီလမ်းလွဲ နေကြမည်လော။
စစ်ကောင်စီက ပလက်၀ဒေသတွင် တပ်ရင်း ၂၀ ရင်းခန့် စစ်အင်အား အခိုင်အမာ စခန်းချထားခဲ့တယ်။ တပ်မမှူး နှစ်ဦးထိုင်ကြတယ်။ လက်ရှိတွင် CNF ဌာနချုပ်ရှိရာ ချင်းပြည်နယ်မြောက်ပိုင်းရှိ တပ်ရင်း တစ်ရင်းတောင် မိမိတို့သိမ်းပိုက်နိုင်ခြင်းမရှိသေးပါ။ လူသူမရှိတဲ့ ထန်တလန်မြို့တောင် မသိမ်းနိုင်သေးပါ။ အကယ်၍ အေအေ အဖွဲ့က ပလက်၀ဒေသရှိ တပ်ရင်း ၂၀ ရင်း ခန့် အင်အားကို အလုံးစုံ ချေမှုန်းတိုက်ထုတ်ရှင်းလင်းခြင်း မလုပ်ခဲ့ပါက မိမိတို့ ချင်းတော်လှန်ရေးတပ်ဖွဲ့များသည် ဘယ်တော့ ပလက်၀ဒေသကို စစ်ကောင်စီလက်အောက်ကေနကယ်ထုတ်နိုင်မလဲ။ ဒါမှမဟုတ် ပလက်၀ဒေသကို အကြမ်းဖက် စစ်ကောင်စီလက်ထဲတွင် ဆက်လက် ထိုးအပ်ကြမည်လော။ စဉ်းစားစရာ တစ်ခုဖြစ်တယ်။
အမှန်အတိုင်း ဝန်ခံကြပါက စစ်ဗျုဟာစခန်းကုန်းကြီးတွေ၊ တပ်ရင်းဌာနချုပ်တွေကို 3BA အဖွဲ့ ဝင်များအပါအဝင် KIA နှင့် KNLA စသည့် EAO အင်အားကြီးအဖွဲ့ များနှင့် အချင်းချင်းကူညီပြီး စစ်ရေးမဟာမိတ် မဖွဲ့ကြပါက တိုက်ခိုက်သိမ်းပိုက်ရန် မလွယ်သေးပေ။ တပ်ရင်းဌာနချုပ်တွေကို မသိမ်းမချင်း ဘယ်တော့မှ မြန်မာနိုင်ငံတွင် စစ်အာဏာရှင် ပြုတ်ကျသွားမှာမဟုတ်။ ထို့ကြောင့် ချင်းပြည်နယ်ကွက်ငယ်လေးကိုသာ ကြည့်လို့မရပါ။ တပြည်လုံးအတိုင်းအတာနှင့် ဟန်ချက်ညီညီ စစ်ဆင်ရေးကို ဖော်ဆောင်ရန်လိုအပ်ပါတယ်။ တော်လှန်ရေးကို တော်လှန်ရေးအတိုင်း မှန်ကန်စွာ လုပ်ကြရမယ်။
စစ်အာဏာရှင်စနစ်ကို အမှန်တကယ် မိမိတို့ ဖျက်သိမ်းချင်ပါက မြို့ကြီးတွေ၊ ဗျုဟာစခန်းကုန်းကြီးတွေ၊ တပ်ရင်းဌာနချုပ်တွေ၊ အခြေချ စစ်ဗျုဟာ တွေကို မိမိတို့ တက်သိမ်းချင်ပါက တော်လှန်ရေးအဖွဲ့ အချင်းချင်းအကြား ရန်ဖြစ်ရမယ့် အချိန်ကာလ မဟုတ်၊ အိမ်နီးနားချင်း လူမျိုးများနှင့်လည်း ရန်ဖြစ်ပြီး တိုက်ခိုက်ရမယ့် ကာလမဟုတ်၊ မိမိတို့သည် တော်လှန်ရေးလမ်းစဉ်ကနဲ သွေဖီလို့မရပါ။ တခြား ပြဿနာအားလုံးကို ခေတ္တ နောက်မှာ ချန်ထားပြီး ယခု အချိန်ကာလသည် စစ်ကောင်စီကို တိုက်ခိုက် ချေမှုန်းနေသည့် မည်သည့် တော်လှန်ရေးအဖွဲ့အစည်းနှင့်မဆို အချင်းချင်း ကူညီကြရမည့် အချိန်၊ အချင်းချင်း လက်တွဲကြရမည့် ကာလ၊ တတိုင်းပြည်လုံး စစ်ရေးအခြေအနေကို ကြည့်ပြီး အတူတကွ သွားရမည့် ကာလ၊ အချင်းချင်း စစ်ရေးမဟာမိတ် ဖွဲ့ပြီး ဘုံရန်သူ တစ်ခုတည်းကိုသာ ပူးပေါင်း တိုက်ထုတ်ကြရမည့်ကာလဖြစ်တယ်။ ဘယ်သူ ဘယ်အဖွဲ့က သိမ်းပိုက်တာက အရေးမကြီး၊ စစ်ကောင်စီထံမှ မြို့သိမ်းပွဲတွေ၊ တပ်ရင်း သိမ်းပွဲတွေ၊ စခန်းသိမ်းပွဲတွေ မှန်သမျှ မိမိတို့ အချင်းချင်းကြိုဆို ဂုဏ်ပြုနိုင်ကြရမယ်။
ချင်းပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပေးခဲ့သော မြန်မာစစ်တပ် စခန်းများစွာကို ချေမှူန်းရှင်းလင်းရေးတိုက်ပွဲတွင် ခြေလက်အင်္ဂါနှင့် အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်စတေးခဲ့ကြသော နွေဦးတော်လှန်ရေးသူရဲကောင်းများနှင့် အာဇာနည်ရဲဘော်များကို မည်သည့်တော်လှန်ရေးအဖွဲ့အစည်းက လာသည်ဖြစ်စေ မိမိတို့သည် သမိုင်းမှတ်ကျောက်တင်ပြီး ဦးညွတ်အလေးနီပြုကြရမယ်။
တော်လှန်ရေးအောင်မြင်ပြီး စစ်ကောင်စီ ကင်းစင်သည့်အခါ အချင်းချင်းအကြား ခေတ္တ ချန်ထားခဲ့သော နယ်မြေ အငြင်းပွားမှုများ၊ အထွေထွေ နိုင်ငံရေးအကြပ်အတည်းများနှင့် လူမှုပြဿနာအ၀၀ကို ဘ၀တူ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုး အချင်းချင်းအကြား စာပွဲဝိုင်းတွင် အပြန်အလှန်လေးစား အသိအမှတ်ပြုမှုနှင့် တန်းတူမှုအအပါ် အခြေခံ၍ ဦးစွာ ဆွေးနွေးညှိနှိုင်းဖြေရှင်းကြရမယ်။ စားပွဲဝိုင်းတွင် တွေ့ဆုံစေ့စပ်ညှိနှိုင်းဖြေရှင်းရန် လုံး၀ မဖြစ်နိုင်မှသာ နောက်ဆုံးအဆင့်တွင် အခြားနည်းလမ်းကို ရွေးချယ်ရန် မိမိတို့ စဉ်းစားရမှာဖြစ်သည်။
လေးစားစွာဖြင့် –
Salai Van Lian Thang
ဇူလိုင်လ ၂၅၊ ၂၀၂၄ ခုနှစ်။