တော်လှန်ရေး အောင်မြင်စွာ ဆင်နွှဲနိုင်ရေးအတွက် NUG နဲ့ K3C တို့ ထပ်မံဆွေးနွေးနေ

ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆
Zalen

တော်လှန်ရေးကို အောင်မြင်စွာ ဆင်နွှဲနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ K3C အဖွဲ့ဝင်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ဟာ တွေ့ဆုံ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

ဒီအကြောင်းကို KIO/KIA ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ဖေဖော်ဝါရီလ ၅ ရက်နေ့ ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ အွန်လိုင်းမှတဆင့် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က “လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်လောက်က NUG၊ KNU၊ KNPP၊ CNF နဲ့ KIO တို့ ၅ ဖွဲ့ အွန်လိုင်းအစည်းအဝေး လုပ်ခဲ့ပါတယ်။ လက်ရှိတော်လှန်ရေးကို ဘယ်လို အောင်မြင်အောင် ဆင်နွှဲမလဲဆိုတာကို ဦးစားပေးပြီး ဆွေးနွေးနေကြတာပါ” လို့ ပြောပါတယ်။

Zalen ad

တော်လှန်ရေးအင်အားစုတွေ အနေနဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ လိုအပ်သလို စုစည်းညီညွတ်မှု၊ အပြန်အလှန် လေးစားအသိအမှတ်ပြုမှုတွေကလည်း အရေးကြီးတယ်လို့ သူက ဆက်ပြောပါတယ်။

NUG နဲ့ K3C အဖွဲ့တို့ဟာ ဖေဖော်ဝါရီလဆန်းပိုင်းမှာ အွန်လိုင်းမှတဆင့် ထပ်မံတွေ့ဆုံပြီး လက်ရှိတော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ၂၀၂၆ ခုနှစ်ကို အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်တဲ့ နှစ်တစ်နှစ်အဖြစ် မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေကို ပေါင်းစည်းထားတဲ့ စုပေါင်းဦးဆောင်မှုတစ်ရပ် ဖြစ်လာရေးအတွက် NUG နဲ့ K3C တို့အကြား ဆွေးနွေးနေဆဲဖြစ်ကြောင်းကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားထားပါတယ်။

ဒါ့အပြင် ချင်းပြည်လွတ်မြောက်ရေးဟာ တနိုင်ငံလုံးအတွက် အရေးကြီးတာကြောင့် ချင်းပြည်အရေးကို အထူးအလေးထား ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။

ချင်းပြည်ရဲ့ အရင်းအမြစ်တွေက တနိုင်ငံလုံးရဲ့ တော်လှန်ရေးအောင်မြင်မှုကို ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်ကြောင်း KIO/KIA ဘက်က ပြောဆိုထားပါတယ်။

ဒီအခြေအနေအရ KIO/KIA က အထူးတာဝန်ပေးအပ်ထားတဲ့ အရာရှိတွေကို ချင်းပြည်နယ်ဘက်သို့ စေလွှတ်ထားပြီး ဒေသခံ ချင်းခေါင်းဆောင်များနဲ့လည်း ဆက်လက်တွေ့ဆုံ ဆွေးနွေးနေတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။

လက်ရှိ ဗန်းမော်မြို့ သိမ်းပိုက်ရေးတိုက်ပွဲတွေမှာလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့များ၊ ယောနဲ့ ဆောဒေသ ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် လူမျိုးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်တိုက်ခိုက်နေကြောင်း သိရပါတယ်။

KIO/KIA အနေနဲ့ စစ်ကော်မရှင်ဘက်က တော်လှန်ရေးအင်အားစုတွေကို တစ်ဖွဲ့ချင်း ခွဲခြားပြီး ဆွေးနွေးလိုတဲ့ ပုံစံကို လက်မခံဘဲ တော်လှန်ရေးအောင်မြင်ရေးအတွက် အင်အားစုအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၆ ဦးသေဆုံး

ဖေဖော်ဝါရီ ၁၀ ၊ ၂၀၂၆Zalen ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့နယ်၊ ခွါလ်ဟရိန်းတောင်ကြောရှိ တလန်ခွါကျေးရွာကိုအကြမ်းဖက် စစ်တပ်က ဒီကနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်