တရုတ်နိုင်ငံသို့အလုပ်သမား (၆၀)ခေါ်ဆောင်ပြီးလုပ်အားခအပြည့်အဝမပေးသဖြင့်အမှုဖွင့်ခံရတဲ့ လင်မယားနှစ်ယောက် ထွက်ပြေးတိမ်းရှောင်နေ
တရုတ်နိုင်ငံတွင် တစ်လ ယွမ် လေးထောင် (မြန်မာငွေ ၈ သိန်းကျော်)ရရှိမယ်ဆိုကာ ဖလမ်းမြို့နယ်မှ လူငယ် (၆၀)ကိုခေါ်ဆောင်ပြီး လုပ်အားခအပြည့်အဝမပေးသဖြင့် ၎င်းတို့လင်မယားနှစ်ယောက်ကို ဖလမ်းမြို့နယ်ရဲစခန်းတွင် သြဂုတ်လ (၂၇)ရက်တွင်အမှုဖွင့်ထားပါတယ်။
ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ကလေးမြို့နယ် မြို့လှကျေးရွာနေ လာလ်ရမ်းလျန် နဲ့ ၎င်းရဲ့ဇနီး ဖလမ်းမြို့ လုံပီရပ်ကွက်ဇာတိ မဗျက်ရဲမ်ဆုန်းတို့ နှစ်ဦးက တရုတ်နိုင်ငံတွင် အလုပ်အကိုင်ရရှိရေးအတွက် ပို့ဆောင်ပေးနိုင်ကြောင်း၊ ပို့ဆောင်ခအဖြစ် တစ်ဦးလျှင် ကျပ် တစ်သိန်းခွဲပေးဆောင်ရမှာဖြစ်ပြီး အလုပ်လုပ်ခအဖြစ် တစ်လလျှင် တရုတ်ယွမ်ငွေ လေးထောင် (မြန်မာငွေ ၈ သိန်းခွဲ)ရရှိမယ်လို့စည်းရုံးပါတယ်။ ဒါကြောင့် ဖလမ်းမြို့နယ်မှ လူငယ် (၆၀)ဦးဟာ ဇန်နဝါရီလ ၁၁ ရက်တွင် ကလေးမြို့မှ မူဆယ်မြို့သို့သွားခဲ့ကြပါတယ်။ မူဆယ်မှ တရုတ်နိုင်ငံအတွင်း (၇)ရက်နေထိုင်ခွင့်လက်မှတ်ပြုလုပ်၍ တရုတ်နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကြပါတယ်။ ၎င်းတို့အလုပ်မှာ တရားမဝင်အလုပ်ဖြစ်သဖြင့် လုပ်ခငွေအပြည့်အဝမရရှိသဖြင့် (၇)လကြာမှမြန်မာနိုင်ငံသို့ပြန်လာခဲ့ကြပါတယ်။
ဒါကြောင့် မောင်ငွန်နယ်ထန်းက တရားလိုပြုလုပ်ကာ မောင်လာလ်ရဲမ်းလျန် နဲ့ မဗျက်ရဲမ်ဆုန်းတို့ လင်မယားနှစ်ဦးကို ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ အခကြေးငွေယူကာ တရုတ်နိုင်ငံသို့ပို့ဆောင်မှု ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၆ ဖြစ် ဖလမ်းမြို့မရဲစခန်းတွင် (ပ)၉၆/၂၀၁၉ဖြစ် တိုင်ကြားထားပါတယ်။
၁၉၉၉ ခုနှစ် ဇူလိုင် ၉ ရက်တွင်ပြဌားန်ထားတဲ့ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ ပုဒ်မ ၂၆ တွင် မည်သူမဆို အကျိုးဆောင်လိုင်စင်မရှိပဲ အကျိုးဆောင်လုပ်ငန်းကိုလုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်လို့ဖော်ပြထားပါတယ်။
တရားလိုမောင်ငွန်နယ်ထန်းက “တရုတ်နိုင်ငံမှာ ဖေဖော်ဝါရီလကနေ သြဂုတ်လအထိ ၇လကြာအလုပ်လုပ်တယ်။ တခြားလူတွေက ငါးလနေတဲ့သူတွေလည်းရှိတယ်။ ကျနော်တို့က အလုပ်လုပ်ရင်းသူတို့အိမ်မှာနေတယ်။ ဟင်းကိုကော်ပီပဲကျွေးတယ်။ မနက် ၅ နာရီကနေ ညနေ ၇ နာရီထိ အလုပ်လုပ်တယ်။ ကျနော်တို့လုပ်တာက ကြက်သားတုံးထဲမှာ ဝါးချောင်းတွေထိုးပေးတယ်။ တစ်လမှာ တရုတ်ယွမ် လေးထောင်ရမယ်လို့ပြောထားပေမယ့် ငါးလပိုင်းမှာ ယွမ် ၇၀၀ ပေးတယ်။ ခြောက်လပိုင်းမှာ ယွမ် ၁၂၀၀ ပေးတယ်။ တခြားလတွေမှာလုပ်အားခမရဘူး။ အိမ်ပြန်ဖို့သူငယ်ချင်းဆီကချေးငှားပြီးတော့ လမ်းစရိတ် ယွမ် ၁၆၀၀ ကုန်တဲ့ဟာကို ပွဲစားတို့လင်မယားက နှစ်ထောင်ယူတယ်။ ကျနော်တို့မပြန်ခင်မှာ သုံးရက်လုံးလုံးထမင်းမပေးဘူး။ လမ်းမှာလည်း ထမင်းမစားလာခဲ့ဘူး။ ကျနော်တို့အားလုံးက ၆၀ ယောက်ရှိပေမယ့် ခြောက်ယောက်ပဲပြန်လာနိုင်တယ်။ ၈ ယောက်ကထောင်ကျနေကြတယ်။ ထောင်ကျတဲ့ထဲမှာ မိန်းကလေးတစ်ယောက်လည်းပါတယ်။ တခြားလူတွေကတော့ ဘယ်မှာအလုပ်ဝင်ရမှန်းလည်းမသိကျတော့ ပျောက်နေကြတယ်။ ပွဲစားတို့လင်မယားက အခုမြန်မာပြည်မှာရှိတယ်။ သူတို့ဖုန်းလည်းဆက်လို့မရဘူး။ လိုင်းပေါ်မှာလည်း စကားပြောလို့မရဘူး” လို့ပြောပါတယ်။
တရုတ်နိုင်ငံသို့အလုပ်သမားခေါ်ဆောင်တဲ့ လင်မယားကို သြဂုတ်လ (၂၈)ရက်တွင် တာဟန်းရဲတပ်ဖွဲ့နဲ့ ကလေးမြို့နယ်ရဲတပ်ဖွဲ့တို့က မြို့လှကျေးရွာရှိ ၎င်းတို့နေထိုင်တွင်ဖမ်းဆီးဖို့သွားပေမယ့် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဖလမ်းမြို့မရဲစခန်းမှူးထံမှသတင်းရရှိပါတယ်။