ထန်တလန်မြို့နယ်နဲ့ မီဇိုရမ်ပြည်နယ်ကြား အင်ဂျင်နှစ်လုံးတပ်စက်လှေ တပ်ဆင်ပြီးစီး၊ မိုးတွင်းမှ စတင်ပြေးဆွဲမယ်


ဧပြီ ၈ ၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇိုဖေရမ်ဒေသ ၊ ငလန်(Ngalang) ကျေးရွာ နဲ့ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင် ၊ အိုင်နက်ကျေးရွာကြားရှိ ဘွေနူးချောင်းမှာ မော်တော်ကားငယ် သယ်ဆောင်နိုင်တဲ့အင်ဂျင်နှစ်လုံးတပ်ထားတဲ့ စက်လှေကို အဆင်သင့်ထားရှိထားပြီဖြစ်ကာ လာမယ့်မိုးတွင်းချောင်းရေကြီးတဲ့အချိန်အဆင်သင့်အသုံးပြုဖို့စီစဉ် ထားတယ်လို့ သတင်းအရင်းအမြစ်များရဲ့ပြောပြချက်အရသိရပါတယ်။

အဆိုပါချောင်းဟာ ဒေသတွင်းပြည်သူများခရီးသွားလာရေးမှာအဓိကအသုံးပြုတဲ့လမ်းမှာရှိပြီး ယခုလို စက်လှေ အကြီးတွေမရှိခင်မှာတော့ ခရီးသွားပြည်သူများဟာ ကွေ့ပတ်ပြီးခရီးလမ်းဝေးတဲ့ဘက်ကနေ သွားလာနေရ ကြောင်း ၊ ဒီချောင်းမှာ စက်လှေအကြီးရှိလာပြီဖြစ်လို့ အဓိကခရီးသွားပြည်သူများအတွက် အတိုင်းထက်လွန် ဝမ်းသာ ကြောင်းသိရပါတယ်။

အဆိုပါ စက်လှေကြီးကို ငလန်ရွာသား တဦးကကိုယ်ပိုင်တပ်ဆင်ပြေးဆွဲရန်ပြင်ဆင်ထားခြင်းဖြစ်ပြီး ကုန်ပစ္စည်း ၊ ကား ၊ ဆိုင်ကယ် နဲ့ လူ အပါအဝင် အလေးချိန်အများကြီးတင်ဆောင်နိုင်လို့ ကားဖြင့်ကုန်ပစ္စည်းသယ်ဆောင်သူ များအတွက်လည်း အဆင်ပြေချောမြွေ့စေတယ်လို့သိရပါတယ်။

Zalen ad

ဒီကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်နဲ့ ထန်တလန်မြို့နယ်ကိုအမြဲတမ်း ကားပြေးဆွဲတဲ့ကားသမားတဦးက “ ဒီဘွေနူးချောင်းမှာ ဒီစက်ရှိလာတာက ကျွန်တော်တို့ကားသမားတွေတင်မက ခရီးသွားပြည်သူများအတွက် အရမ်း ဝမ်းသာစရာဖြစ်ပါတယ်။ အရင်ကဆိုရင် ဒီမှာ ကားတင်နိုင်တဲ့ စက်လှေမရှိတော့ လမ်းခရီးဝေးတဲ့ဘက်ကနေ သွားနေရတာ။အခုတော့မီဇိုရမ်ပြည်နယ်ကနေ ဇိုဖေရမ်၊ မရာနယ်၊ လောက်တူဒေသနဲ့ ချင်းပြည်နယ်တောင်ပိုင်း တွေအကုန်လုံးအတွက်အဆင်ပြေသွားပြီ။” လို့ ပြောပါတယ်။

ဆက်ပြီးသူက “ စက်တပ်ဆင်တာတွေအကုန်အဆင်ပြေပြီ၊ ပြီးခဲ့တဲ့ရက်က သဲအပြည့်တင်ထားတဲ့ကားတစီးကို တင်ပြီးစမ်းမောင်းတာအဆင်ပြေပြီ။ ဆိုင်ကယ်ဆိုအစီးရေ ၂၀- ၃၀ အထိ တခါတည်းနဲ့တင်နိုင်တယ်၊ ကားဆိုရင် လည်း ကုန်ပစ္စည်းတွေချနေစရာမလိုဘဲဒီတိုင်း တင်လို့ရပြီ။ အခြားစက်လှေတွေဆိုရင် ကားကိုသက်သက်တင်၊ ကုန်ပစ္စည်းတွေကို သက်သက်တင်တာတွေလုပ်ရတယ်။ ဒီဟာက အကုန်တင်လို့ရပြီ။ ဒီလမ်းကပြည်သူတွေအသုံး များတဲ့လမ်းဖြစ်လို့ ဒီစက်လှေက အရမ်းအကျိုးရှိပါတယ်။” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ချောင်းရေက ခမ်းနေသေးတာကြောင့် စက်လှေအသုံးပြုစရာမလိုသေးဘဲ ဖြတ်လို့ရ ကြောင်း၊ အဓိက မိုးတွင်းချောင်းရေကြီးတဲ့အချိန်မှာအသုံးပြုသွားကြမှာဖြစ်ကြောင်းသိရပါတယ်။

ဒီဟာနဲ့ဆိုရင် ချင်းပြည်နယ် ထန်တလန်မြို့နယ်နဲ့ မီဇိုရမ်ပြည်နယ်ကြား ပြေးဆွဲတဲ့ စက်လှေ သုံးနေရာမှာရှိပြီဖြစ်ပါတယ်။

ထန်တလန်မြို့နယ်၊ ဘုန်တလန်ကျေးရွာနဲ့ လောင်တလိုင်ခရိုင်၊ ပန်ခွါကျေးရွာကြား၊ ထန်တလန်မြို့နယ်၊ တလွန်ရဲမ် ကျေးရွာ နဲ့ ရှာဟာခရိုင်၊ လုံဘွန်းကျေးရွာကြား နဲ့ အခု ထန်တလန်မြို့နယ်၊ ငလန်ကျေးရွာ နဲ့ ရှာဟာခရိုင် အိုင်နက် ကျေးရွာကြား စတဲ့ နေရာတွေမှာ ကားအသေးများသယ်ဆောင်နိုင်တဲ့ စက်လှေများပြေးဆွဲနေပြီဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းပြီး ပြည်တွင်းပဋိပက္ခများစတင်လာချိန်ကစပြီး ချင်းပြည်နယ် အတွင်း အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနဲ့ စက်သုံးဆီများကို အဓိကအားဖြင့် အိမ်နီးချင်း မီဇိုရမ်ပြည်နယ် ကနေတင်သွင်းနေရတာဖြစ်လို့ နယ်စပ်ချောင်းမှာ ကုန်ပစ္စည်းနဲ့ ကားများကိုတင်ဆောင်နိုင်တဲ့ စက်လှေများဟာလည်းအရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေပါတယ်။

သတင်း – Mickey
ပုံအညွှန်း – ထန်တလန်မြို့နယ်၊ တလွန်ရဲမ်းကျေးရွာနဲ့ ရှာဟာခရိုင်၊ လုံဘွန်းကျေးရွာကြားမှာမြင်တွေ့ရတဲ့ စက်လှေ

#ထန်တလန်မြို့နယ်#မီဇိုရမ်ပြည်နယ်#အင်ဂျင်စက်လှေ #တပ်ဆင်ပြီးစီး#Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ ရဲ့ အနောက်ဘက်ခြမ်းကို  လေကြောင်းတိုက်ခိုက်မှုပြုလုပ်

ဧပြီ ၈၊ ၂၀၂၆ Zalen ချင်းပြည်နယ် မြောက်ပိုင်းရှိ ဖလမ်းမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းကို အာဏာသိမ်းစကစက ဒီနေ့ ဧပြီလ ၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်အချိန်တွင် လေကြောင်းမှဂျက်ဖိုက်တာ ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ ...

ဆက်ဖတ်ရန်