ဇန်နဝါရီ ၂၆၊ ၂၀၂၆။
Zalen
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂလက်နက်ကိုင်ဖြစ်တဲ့ NSCN-K (Yung Aung) အဖွဲ့နဲ့ NSCN-K (Angmai) တို့နှစ်ဖွဲ့ကြား ၃ကြိမ်မြောက် ပစ်ခတ် တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်များက ဆိုပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့က လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်ကြားက တုံကီကျေးရွာ အနီးမှာ အဲဒီနာဂလက်နက်ကိုင် အဖွဲ့ ၂ဖွဲ့ဟာ အခုလိုအချင်းချင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ NSCN-K (Yung Aung) အဖွဲ့ရဲ့ စခန်းတည်ရှိတာဖြစ်ပြီး NSCN-K (Yung Aung) အဖွဲ့ဘက်က ရဲဘော် ၃ ဦးပြင်းထန်ဒါဏ်ရာရရှိခဲ့တယ်လို့ အဲဒီသတင်းအရင်းအမြစ်က ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း နာဂလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ NSCN – IM အဖွဲ့က NSCN-K (Angmai) အဖွဲ့ကို စစ်ကူပေးရန် စစ်ကြောင်းထိုးတက်သွားတယ်လို့ ဒေသသတင်းအရင်းအမြစ်များက ဆိုပါတယ်။
ဒါ့အပြင် NSCN-K (Angmai) အဖွဲ့နဲ့ NSCN – IM အဖွဲ့တို့ဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အဖွဲ့တွေဖြစ်ကြပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ကျင်းပတဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲတွေမှာ နာဂဒေသတွင် ဝင်ပြိုင်ကြတဲ့ အမျိုးသားပါတီနဲ့ ကြံခိုင်ရေးပါတီ ကိုယ်စားလှယ်များကို လုံခြုံရေးတာဝန်ယူပေးခဲ့လို့ ဒေသခံ ပြည်သူများရဲ့ ဝေဖန်မှုလည်း ရှိခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ရက်နေ့နဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွေမှာလည်း အဆိုပါ လက်နက်ကိုင် နှစ်ဖွဲ့ကြား အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ တလအတွင်း နာဂလက်နက်ကိုင် ၂ဖွဲ့အကြား အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှု တတိယအကြိမ်ထပ်မံ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အခုလို နာဂဒေသမှာ နာဂလက်နက်ကိုင်အချင်းချင်းကြား ဦးတည်ချက်မဲ့ ပစ်ခတ်တိုက်ခိုက်နေတာဟာ လူထုအကျိုးစီးပွားကိုထိခိုက်စေနိုင်သလို ပဋိပက္ခတွေ ပိုမိုကြီးထွားစေမှာဖြစ်တယ်လို့ ဒေသခံပြည်သူများကြား ဝေဖန်မှုတွေမြင့်တက်နေတယ်လို့ဆိုပါတယ်။
သတင်း – ချင်းတွင်းသား
ပုံစာ -နာဂ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အားတွေ့ရစဉ်။
ဓာတ်ပုံ – လူမှုကွန်ယက်



















