နိုင်ငံရေးအမြတ်ရချင်လို့ အိန္ဒိယဘက်ကိုကြေညာချက်ထုတ်ဖို့တိုက်တွန်း၊ လာဘ်ပေးတာရှိရင် အိန္ဒိယအစိုးရလက်ပိုက်ကြည့်နေမှာမဟုတ်ဟုဆို

၂၇၊ ဇွန်၊ ၂၀၂၄။

Zalen

ချင်းပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခြမ်းကွဲပြီးနောက် နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး အိန္ဒိယ၊ မီဇိုရမ်ပြည်နယ် ခရိုင်နှစ်ခုက အပြန်အလှန်ကြေညာချက်ထုတ်ပြန်တာကြောင့် ဗဟိုအစိုးရဘက် နိုင်ငံရေးပြဿနာကူးစက်လာမှာ စိုးရိမ်လာတယ်လို့သိရတယ်။

ဇွန်လ ၂၄ ရက်တွင် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်က Central Yong Lai Association အရပ်ဖက်လူမှုအဖွဲ့အစည်းက မြန်မာပြည်ဘက်ကုန်စည်တင်ပို့မှုတားမြစ်ကြောင်းထုတ်ပြန်လိုက်ပါတယ်။

နောက်တစ်နေ့ ဇွန်လ ၂၅ ရက်တွင် ရှာဟာခရိုင်ရှိ မရာလူငယ်အဖွဲ့အစည်း Mara Thyutlia Py က နယ်စပ်ကိစ္စဟာ မိမိတို့သဘောသာဖြစ်ကြောင်း CYLA ထုတ်ပြန်ချက်ကိုတုံ့ပြန်ခဲ့ပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ် ဆလိုင်းစတင်ဗီင်ပါဗျာ (Salai Steven Pa Bia) က “ကျနော်တို့ အိန္ဒိယအစိုးရလူကြီးပိုင်းတွေနဲ့ အဆက်အသွယ်ရှိပါတယ်။ အခုလည်း သူတို့က အများသိအောင်ပြောစေချင်လို့ ပြောတာပါ။ ကျနော်တို့ ချင်းပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့ နှစ်ခြမ်းကွဲတော့ အားပေးထောက်ခံတဲ့အဖွဲ့လည်း မတူတော့ဘူး။ ခင်ဗျာတို့နိုင်ငံပြည်နယ်မှာ မညီညွှတ်လို့ အိန္ဒိယအထိ ထိခိုက်လာတယ်။ မီဇိုရမ်ပြည်နယ်မှာ ခရိုင်တစ်ခုနဲ့ တစ်ခုအားပေးတဲ့အဖွဲ့မတူတော့ဘူး။ အပြန်အလှန် ထုတ်ပြန်ချက်တွေ ထုတ်လာကြတယ်။ ချင်းပြည်နယ်နိုင်ငံရေးအားသာချင်လို့ အိန္ဒိယထဲထိ ကြေညာချက်စာထုတ်ဖို့ တိုက်တွန်းတာ လာဘ်ထိုးတာတွေ မလုပ်ဖို့ တတ်နိုင်သလောက်ပြောပေးပါတဲ့။ အဲ့ဒါမျိုးတွေ့ရင် လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးတဲ့။ သူတို့ကလည်း ဒီကိစ္စတွေအကုန်သိတယ်။ လောင်တလိုင်က လိုင်ခရိုင်ဆိုတော့ CNA/F တွေနဲ့ဆက်ဆံရေးကောင်းရှိတယ်။ ရှာဟာခရိုင်က မရာတွေ၊ ပြီးတော့ ကျန်ဖိုင်ခရိုင်၊ မဏီပူရ်ဘက်မှာလည်း တခြားဖွဲ့ကိုအားပေးကြတယ်။ ချင်းနိုင်ငံရေးပြဿနာက အိန္ဒိယထိ ကူးစက်လာမှာကို အရမ်းစိုးရိမ်ကြတယ်။ နောက်ပိုင်းမှာလည်း ခရိုင်အချင်းချင်းကြား၊ မျိုးနွယ်စုကြား ပြဿနာမီးမွေးသလိုဖြစ်နိုင်တယ်။ မြန်မာပြည်က တော်လှန်ရေးသမားတွေ အရမ်းသတိထားဖို့လိုတယ်။ မီဇိုရမ်မှာ မျိုးနွယ်စုကြားပြဿနာဖြစ်ရင် မြန်မာ စစ်ဘေးရှောင်တွေကို မနှင်ထုတ်ရင်တောင် တော်လှန်ရေးသမားတွေ မီဇိုရမ်မှာအနေအထိုင်ကြပ်တည်းလာစေနိုင်တယ်” လို့ပြောပါတယ်။

အိန္ဒိယအစိုးရဟာ အရှေ့မြောက်ပြည်နယ်တွေ ကုန်စည်ပို့ဆောင်မှုလမ်းကြောင်းအတွက်စစ်တွေ-ကုလာတန်စီမံကိန်း ဆောင်ရွက်ချင်ကြပါတယ်။ ယင်းလမ်းကြောင်းပေါ်မှာရှိတဲ့ ရခိုင်၊ ချင်းပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ်တွေဖြတ်သန်းရမှာပါ။  

CNA/F နဲ့ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်က CYLA အဖွဲ့တို့ဟာ ဒီနှစ် ၂၀၂၄၊ ဇန်နဝါရီလ ၄ ရက်တွင် CNA ဌာနချုပ်တွင် တွေ့ဆုံကြပြီး မီဇိုရမ်ကနေကုန်စည်စီးဆင်းမှုမှာ အတူတကွလုပ်ဆောင်ကြဖို့ သဘောတူကြပါတယ်။

အဲ့ဒီနောက် CYLA က လောင်တလိုင်ခရိုင်ကနေ မြန်မာပြည်ဘက်ကုန်ပစ္စည်းတင်ပို့ခြင်းကို ဧပြီလ ၁၆ ရက်၊ မေ ၂၅ ရက် နဲ့ ဇွန် ၂၅ ရက်တို့တွင် ပိတ်ပင်ကြောင်း ထုတ်ပြန်ကြေညာချက်ထုတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်လာတာကြောင့် စစ်ကောင်စီက ပြည်မကနေ ရခိုင်ပြည်နယ်သို့ ကုန်စည်တင်သွင်းခွင့်ပိတ်ပင်တာကြောင့် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ဘက်ကနေ ကုန်စည်တင်သွင်းလာကြပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ တိုက်ပွဲကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလာလို့ ချင်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းကပြည်သူတွေလည်း မီဇိုရမ်ကနေ ကုန်စည်တင်သွားကြပါတယ်။

သတင်း-EP

နောက်ဆုံးရသတင်းများ

ရိုးမဘဏ်၊ ဧရာ၀တီဘဏ်တွေအပါအ၀င် အိမ်ရာချေးငွေ ပိုချေးတဲ့ ဘဏ် ၇ခု အရေးယူခံရ

ဇူလိုင် ၂၊ ၂၀၂၄။ Zalen အိမ်ရာချေးငွေကို ဗဟိုဘဏ်သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးတဲ့အတွက် ပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင် ၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။ အရေးယူခံရမယ့် ဘဏ်တွေကတော့ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာ၀တီဘဏ်၊ ...

ဆက်ဖတ်ရန်