ပလက်ဝမှာတိုက်ပွဲဖြစ်လို့ ရွာအချို့ကျောင်းပိတ်တာ (၃)ရက်ရှိပြီ

ပလက်ဝမှာတိုက်ပွဲဖြစ်လို့ ရွာအချို့ကျောင်းပိတ်တာ (၃)ရက်ရှိပြီ

ပလက်ဝမြို့နယ် ဒလက်မေရွာအနီးတစ်ဝိုက်မှာ တပ်မတော်နဲ့ အေအေတွေ ဇန်နဝါရီလ(၂၂)ရက်နေ့မှာတိုက်ပွဲဖြစ်လို့ ရွာအချို့ ကျောင်းပိတ်တာ (၃)ရက်ရှိပြီလို့သတင်းရရှိပါတယ်။

ကျောင်းဆရာ၊မအချို့ဆိုရင် ရွာမှာမနေရဲတော့တာကြောင့် ပလက်ဝမြို့မှာထွက်ပြေးလာကြပါတယ်။

မရိန်းရွာ ကျောင်းဆရာတစ်ဦးက “ရွာသားတွေ တောင်ယာသွားတဲ့ချိန်မှာ တောင်ပြိုရွာဘက်မှာ အေအေတွေရှိတယ်ဆိုတာသိတော့ ချက်ချင်းရွာကိုပြန်လာကြတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ ကျောင်းဆက်တက်တော့ သိပ်မကြာဘူး ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ကြတယ်။ ကျနော်တို့ ကြောက်ကြလို့ ကျောင်းလည်းဆက်မသင်တော့ဘူး။ ကျောင်းမှာဆရာ၊မသုံးယောက်ရှိတယ်။ သုံးယောက်စလုံး ဇန်နဝါရီ (၂၃)ရက် ပလက်ဝကိုဆင်းလာကြတယ်”လို့ပြောပါတယ်။

မရိန်းရွာမှာ သုံးတန်းထိရှိပြီး ကျောင်းသား၊သူ ရှစ်ယောက်ရှိပါတယ်။ မရိန်းရွာအနီးရှိ အောက်ဘလိုင်ရွာက ကျောင်းဆရာကတော်တစ်ဦးကလည်းအခုလိုပြောပါတယ်။

“ကျောင်းကို (၂၃)ရက်နေ့ကစပိတ်တယ်။ ကျောင်းအုပ်ဆရာကြီးလည်း ရုံးကိစ္စနဲ့ပလက်ဝဆင်းတော့ စစ်ပွဲသတင်းကြောင့် မတက်လာတော့ဘူး။ ဒီလကုန်မှပဲကျောင်းပြန်ဖွင့်မယ်တဲ့။ စစ်ပွဲအခြေအနေမဟန်ရင် တစ်ခါထဲစာမေးပွဲစစ်မယ်တဲ့။ နေ့တိုင်းလိုလို သေနတ်သံကြားရတယ်။ မနေ့ညနေလည်း ငါးနာရီထိ ရွာနားမှာပစ်ကြသေးတယ်။ ရွာပြင်မထွက်နိုင်တာလည်း သုံးရက်ရှိပြီ၊ ညမှာဆိုလည်း ဘုရားကျောင်းမှာ အားလုံးအတူတူစုအိပ်ကြတယ်။ ရေစပ်မှာ ရေချိုးဖို့တောင်ကြောက်နေကြပြီ။ ဆုတောင်းခြင်းနဲ့ကူညီကြပါ”လို့ပြောပါတယ်။

မရိန်းရွာသားတွေလည်း ရွာထဲမှာ ဗုံးအစအနကျလာတာကြောင့် တစ်ရွာလုံး အောက်ဘလိုင်ရွာကိုပြောင်းလာကြပါတယ်။ ဒါပြင် ဝက်ပုတောင်ရွာ၊ တုတ်ကျင်းဝရွာနဲ့ ကိတ်ကူဝရွာ ကျောင်းတွေလည်း ပိတ်ထားတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်