ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာဟာ နေရပ်စွန့်ခွာပြီး တောလမ်းတွေကတဆင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြ ပါတယ်။
AA ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစတင်ပြီး ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ တအိမ်တက်ဆင်း လူစာရင်းစစ်ဆေးပြီး အသက်ပြည့်သူ လူငယ်တွေကို မဖြစ်မနေ စစ်မှုထမ်းဖို့ ဖိအားပေး ဖမ်းဆီးတာတွေ ပြုလုပ်လာခဲ့ပါတယ်။
အဲဒါကြောင့် ကျေးရွာအများအပြားမှာ လူငယ်မဲ့ အိမ်ခြေမဲ့တဲ့ ရွာပျက် အခြေအနေသို့ ရောက်နေပြီး၊ ကျန်ရှိနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်များမှာလည်း စားဝတ်နေရေးနဲ့ လုံခြုံရေးအတွက် အားကိုးရာမဲ့ ဖြစ်နေကြရ ပါတယ်။
“စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေကြောင့် လူငယ်တွေက ထွက်ပြေးကုန်တာလေ။ ရွာမှာ လုပ်နိုင်၊ ကိုင်နိုင်တဲ့ လူငယ်ဆိုတာမရှိတော့ဘူး။ အသက်ကြီးတွေ၊ ကလေးတွေပဲကျန်တော့တယ်။”လို့ ပလက်ဝဒေသခံတဦးက ပြောပါတယ်။

ထွက်ပြေးကြတဲ့ လူငယ်တွေဟာ ပုံမှန်လမ်းကြောင်းများမှာ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ကြောင့် လူသူမနီးတဲ့ တောတောင်လျှိုမြောင်ကို ဖြတ်သန်းကာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ခြေဦးတည့်ရာ ထွက်ပြေးနေကြ ရပါတယ်။
အဲဒီခရီးစဉ်ဟာ ကြာမြင့်လှသဖြင့် ပါလာတဲ့ အစားအစာများကုန်ဆုံးကာ ငတ်မွတ်တဲ့ဒဏ်ကို ခံစားနေရပြီး အအေးဒဏ်နဲ့ အာဟာရပြတ်လပ်မှုကြောင့် ကလေးငယ်များနဲ့ လူငယ်တွေ ဖျားနာမှုတွေ ကြုံတွေ့နေရပါတယ်။
ဒါ့အပြင် လမ်းခရီးတလျှောက် အဖမ်းခံရမယ့်ကြောက်စိတ်ဖြင့် အသက်လုနေရတဲ့ ခရီးကြမ်းကို ဖြတ်သန်းနေရပါတယ်။
“ပုံမှန် လမ်းကနေ သွားရင် AA ဂိတ်မှာ ပြန်အဖမ်းခံရတာတွေ ရှိတယ်။ ပြင်ပထွက်ခွာခွင့်မပေးဘူး။ အဲဒါကြောင့် တောလမ်းကနေ ထွက်ပြေးနေရတယ်။ တောလမ်းကဆိုတော့ ခရီးကကြမ်းတယ်။ ခရီးလည်းပိုကြန့်ကြာတယ်။ ကလေးတွေပါရင် အတော်ကို ဒုက္ခရောက်ရတယ်။”လို့ ပလက်ဝဒေသခံတဦးက ပြောပါတယ်။
AA ရဲ့ စစ်မှုထမ်းဖို့ ဖမ်းဆီးမှုကြောင့် ထွက်ပြေးကြတဲ့ လူငယ်အများစုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်၊ လောင်တလိုင်ခရိုင်တို့မှာ ခိုလှုံနေထိုင်ကြပါတယ်။


















