ပလက်ဝမြို့နယ်အပါဝင် ရခိုင်ပြည်နယ်တစ်ခုလုံးကို စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်တွေ ပြတ်တောက်ထား

အောက်တိုဘာလ ၁၅ရက်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပါဝင် ရခိုင်ပြည်နယ်က မြို့နယ်အားလုံးကို စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနက်တွေ အောက်တိုဘာလ ၁၃ ရက်နေ့ကစပြီး ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပလက်ဝမှာ ဖုန်းလိုင်းဖြတ်ထားတာက အတော်ကြာပြီ။ ဒါပေမဲ့ ဖုန်းလိုင်းရတဲ့နေရာတွေရှိတယ်။ အခုတော့ ဘယ်နေရာမှ ဖုန်းလိုင်း မရတော့ဘူး။”လို့ အိန္ဒိယဘက်ရောက်နေတဲ့ ပလက်ဝဒေသခံတစ်ဦးဆီက သိရပါတယ်။

အရင်က စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ဖုန်းလိုင်း၊ အင်တာနက်တွေ ရရှိပေမဲ့ အခုခါ ရခိုင်ပြည်နယ် မြို့နယ်အားလုံး ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။

“၁၂ရက်နေ့ ညနေပိုင်းကစပြီး အိမ်နဲ့ ဖုန်းအဆက်သွယ်မရတော့တာပါ။ အစတော့ ဖုန်းလိုင်းအဖြတ်ခံရတယ်ဆိုတာ မသိဘူး။ ဒီကနေ့ထိ အဆက်သွယ်မရသေးဘူး။”လို့ ရန်ကုန်ရောက်နေတဲ့ အမ်းဒေသခံ ချင်းအမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အခုလို ဖုန်းလိုင်းနဲ့ အင်တာနက်တွေ ဖြတ်တောက်ထားတဲ့အတွက် ရခိုင်ပြည်နယ်က ဒေသခံတွေဟာ သတင်းအချက်လက်တွေ ဖတ်ရှူဖို့ မရတော့ဘူးလို့ သိရပါတယ်။

“အင်တာနက် ပိတ်ထားတော့ ရာသီဥတု၊ သဘာဝဘေးအန္တရာယ် သတင်းတွေ ဖတ်လို့မရတော့ဘူးပေါ့နော်။ အဲ့ဒါက ကျတော်တို့ ရခိုင်ဒေသခံတွေ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်က ကမ်းရိုးတန်းဒေသဖြစ်တယ်။ “လို့ ရန်ကုန်ရောက်နေတဲ့ စစ်တွေဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် လူမှုရေးစတဲ့ ကိစ္စတွေ အရေးပေါ်ကိစ္စတွေ၊ ပြည်တွင်းပြင်ပရောက်နေတဲ့ မိသားစုဝင်တွေနဲ့လည်း အဆက်သွယ်လုပ်လုပ်ဖို့ ခက်ခဲသွားပြီလို့ ဆိုပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့မြို့တွေမှာ တိုက်ပွဲတွေပြင်းထန်နေလို့ စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက် ဖြတ်တောက်ထားတာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

“စစ်ရေးအရ ပိတ်ထားတာလည်းဖြစ်နိုင်တယ်။ ပြီးတော့ ရခိုင်က စစ်ကောင်စီ ဌာနချုပ် အမ်းမြို့ထိ တိုက်ပွဲတွေဖြစ်လို့ ဆက်သွယ်ရေးတွေ အကုန်ဖြတ်တောက်တာဖြစ်မယ်။”လို့ ရန်ကုန်ရောက်နေတဲ့ စစ်တွေဒေသခံ တစ်ဦးက ဆက်ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့အပါဝင် မောင်တော၊ ဂွမြို့နယ်ဘက်လည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

သြဂုတ်လ ၁၄ရက်နေ့ အသံ – Athan အဖွဲ့ရဲ သတင်းထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီး နိုင်ငံတစ်ဝန်း ဖုန်းလိုင်းနဲ့ အင်တာနက် ဖြတ်တောက်ခံရတဲ့ မြို့နယ်ပေါင်း ၉၂ ခုရှိပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်တွေ ဖြတ်တောက်ထားပြီး စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်မယ်ကို ပြင်ပရောက် ရခိုင်ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်လို့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ အရပ်သားထိခိုက် သေဆုံးမှုတွေ ရှိနေပါတယ်။

သတင်း – ခူမီး

နောက်ဆုံးရသတင်းများ

ဆမီးမှာအမျိုးသား ၅ဦးကို CDF (ပလက်ဝ) ထောက်ပံ့စွပ်စွဲမူနဲ့ အေအေ ဖမ်းဆီး

အောက်တိုဘာလ ၁၆ ရက်၊၂၀၂၄ Zalen ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ မြိုအမျိုးသား ၅ဦးကို ချင်းကာကွယ်ရေးတပ် (ပလက်ဝ) ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲမူနဲ့ အာရက္ခတပ်တော် (အေအေ) က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေ ဒေသခံတွေဆီက သိရပါတယ်။ ...

ဆက်ဖတ်ရန်