ပုဏ္ဏားကျွန်းမြို့နယ်၊ ရွာဈေးတန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ပြီး ကလေးငယ်များအပါအဝင် (၁၇) ဦး သေဆုံး

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆။

Zalen

Zalen ad

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ လူစည်ကားတဲ့ ကျေးရွာဈေးတန်းတခုကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်(ULA/AA) က ယမန်နေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လယ် ၂ နာရီ ၇ မိနစ်အချိန်ခန့်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ရှိ ဈေးတန်းအတွင်း ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားနေစဉ် စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ စုစုပေါင်း (၁၇) ဦးသေဆုံးခဲ့သလို ပြင်းထန်ဒဏ်ရာရရှိသူ အပါအဝင် (၁၄) ဦး ရှိတယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုအရှိန်ကြောင့် လူနေအိမ်တွေနဲ့ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။

စစ်ကောင်စီဟာ စစ်ရေးနှင့်မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေရှိတဲ့ ဈေးတန်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်တယ်လို့ ULA/AA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း စစ်ရေးရှုံးနိမ့်မှုများပြားလာပြီးနောက်ပိုင်း မြို့ရွာတွေနဲ့ လူစည်ကားရာနေရာတွေ လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနေပါတယ်။

လေကြောင်းအန္တရာယ်မှာ အချိန်မရွေး ကျရောက်နိုင်သဖြင့် မိမိတို့ဒေသအတွင်း လေယာဉ်သံကြားရပါက သတ်မှတ်ထားတဲ့ ခိုလှုံရာနေရာများသို့ အမြန်ဆုံး သွားရောက်ကြဖို့နဲ့ လူစုလူဝေးရှိတဲ့နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။

⚠️အောက်ပါသတင်းဓာတ်ပုံထဲတွင် စိတ်မချမ်း​မြေ့စရာမြင်ကွင်းများပါဝင်သည်ကိုကြိုတင်အသိ​ပေးအပ်ပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ-AA Info Desk

#ULA/AA#ရခိုင်#စစ်​ကောင်စီ#ဗုံးကြဲ#Zalen

နောက်ဆုံးရသတင်းများ

အွန်လိုင်းမူးယစ်ဆေးရောင်းသူတွေ “အီမိုဂျီ” ကုဒ်များအသုံးပြုပြီး လူငယ်တွေကို ပစ်မှတ်ထားနေ ========= ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ Zalen ထိုင်းနိုင်ငံမှာ အွန်လိုင်းမှတဆင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေဟာ လူမှုကွန်ရက်ရဲ့ စစ်ဆေးမှုတွေကို ရှောင်ရှားရန်နဲ့ လူငယ်တွေကို ဆွဲဆောင်ရန်အတွက် အီမိုဂျီ ...

ဆက်ဖတ်ရန်