ပြည်တွင်းစစ်နဲ့ မိုင်းအန္တရာယ် သတိပေးခေါင်းလောင်းထိုးသံ

ကိုဗန်

အာဏာသိမ်းပြီး နောက်ပိုင်း (၄)နှစ်တာအတွင်းမြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်ခံစားရသူအရပ်သားပြည်သူဦးရေဟာ (၂၄၀၀)ကျော် ရှိလာခဲ့ပါပြီ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ် ပထမ ခြောက်လတာအတွင်း ထိခိုက်ဒါဏ်ရာရသူ ဦးရေဟာ (၂၄၁၈)ဦးအထိ ရှိလာနေတယ် လို့ UNICEF Myanmar ကထုတ်ပြန်ထားတယ်။

ပိုပြီးစိုးရိမ်စရာကောင်းတာက မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒါဏ်ရာရသူဦးရေဟာ သိသိသာသာ မြင့်တက်လာနေတာပါ။

၂၀၂၁ ခုနှစ်က မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ဒါဏ်ရာရသူ ဦးရေဟာ (၂၈၄)ဦး ရှိပြီး (၂၇)ရာခိုင်နှုန်းက ကလေးသူငယ်တွေပါ။

၂၀၂၂ ခုနှစ်မှာတော့ ထိခိုက်ဒါဏ်ရာရသူ (၃၉၀)‌ဦး ဖြစ်ပြီး ကလေးသူငယ် ထိခိုက်ဒါဏ်ရာရသူက (၃၂)ရာခိုင်နှုန်းအထိ တိုးလာပါတယ်။

ပြည်တွင်းစစ်မီး ပြင်းထန်လာတဲ့ ၂၀၂၃ ခုနှစ် မှာ ထိခိုက်ဒါဏ်ရာရသူ ဦးရေဟာ (၁၀၅၂)ဦးအထိ စံချိန်တင် မြင့်တက်လာခဲ့ပြီး မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်းတွေ ပေါက်ကွဲမှုများကြောင့် ထိခိုက်ခံစားရသူအရေအတွက်စုစုပေါင်းရဲ့ (၂၁) ရာခိုင်နှုန်းဟာ ကလေးသူငယ်များ ဖြစ်နေပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ပထမခြောက်လအတွင်း ထိခိုက်ခံစားသူဦးရေဟာ(၆၉၂)‌ဦး ရှိပြီး ကလေးသူငယ် ထိခိုက်ဒါဏ်ရာ ရမှုမှာ (၃၂)ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

ဒီစာရင်းတွေဟာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းများ၏ပေါက်ကွဲမှုကြောင့် ထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြတဲ့ အရပ်သားပြည်သူလူထုရဲ့ စာရင်းကိုသာ ပြုစုထားတာပါ။

လက်တွေ့ မြေပြင်မှာ ဒီထက် ထိခိုက်ဒါဏ်ရာရရှိသူ ပိုမိုများပြားနိုင်ပြီး စာရင်းတွေအရ နှစ်အလိုက် စံချိန်တင် မြင့်တက်လာနေတာကို တွေ့ရပါတယ်။

ထိခိုက်မှု အများဆုံး ဖြစ်ပွားတဲ့ ဒေသတွေက ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ရခိုင်ပြည်နယ်၊ပဲခူးတိုင်းနဲ့ ကချင်ပြည်နယ် တို့ အစဉ်လိုက် ရပ်တည်နေကြပါတယ်။

မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုများဟာ စစ်ပွဲတွေ ပြီးသွားရင်တောင် ဆက်ပြီး ဖြစ်ပျက် ကြုံတွေ့နေရအုန်းမယ့် အရာ ဖြစ်နေပါတယ်။

ဒါဟာ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို ရေရှည် နှစ်ရှည်လများစွာ ဒုက္ခပေးနေအုန်းမယ့် အရာလည်း ဖြစ်နေပါတယ်။ အကယ်လို့ နိုင်ငံရေးတည်ငြိမ်ပြီး ပြန်လည်ငြိမ်းချမ်းလာခဲ့ရင်တောင် မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်းအများအပြားဟာ မြေပြင်မှာ တင်ကျန်နေခဲ့အုန်းမှာပါ။

ဒါတွေကို ရှင်းပစ်ဖို့ကလည်း နောက်ထပ်နှစ်ပေါင်းများစွာ အချိန်ယူရအုန်းမှာ ဖြစ်သလို နောက်ထပ်ထိခိုက်ဒါဏ်ရာရသူတွေ အများကြီး ရှိနေအုန်းမှာပါ။

ထုတ်ပြန်ထားတဲ့ စာရင်းတွေကို ကြည့်ရင် မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်းတွေ စံချိန်တင် တိုးမြင့်လာနေတာကို တွေ့ရနိုင်ပါတယ်။

မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်း များပြားလာလေလေ အရပ်သားလူထု ထိခိုက်ဒါဏ်ရာ ရရှိမှု မြင့်တက်လာလေလေဖြစ်တယ်။

၂၀၂၃ ခုနှစ် နဲ့ ၂၀၂၄ ခုနှစ် အတွင်း ထိခိုက်ဒါဏ်ရာရရှိသူဦးရေ စံချိန်တင်မြင့်တက်လာတာကို တွေ့ရှိရပြီး လာမယ့် နှစ်တွေအတွင်းမှာလည်း ပိုပြီး မြင့်တက်လာအုန်းမယ့် သဘောပါ။

မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်း တွေနဲ့ ပါတ်သက်လို့ အသိပေးထုတ်ပြန်ထားတာတွေ ပြုလုပ်နေပေမယ့် အရပ်သား လူထုကြားမှာ ပြန့်နှံမှု၊အသိပညာ ရရှိမှု နည်းပါးနေဆဲ ဖြစ်ပါတယ်။

ဒါအပြင် ယခင်ကြုံတွေ့နေကြ ‌နယ်မြေတွေအပြင် စစ်မဖြစ်ဖူးသေးတဲ့ မြို့ပြတွေအထိပါ မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်း အန္တရာယ်ကို သိသိသာသာကြုံတွေ့လာနေရတာပါ။

ဒီအချက်က အရပ်သားလူထုတွေအတွက် အန္တရာယ်မြင့်မားလာစေသလို မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်း အန္တရာယ်အသိပညာ အားနည်းမှုကလည်း ပိုပြီး ဆိုးဝါးလာစေပါတယ်။

မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်းအန္တရာယ်ကို သန်းနဲ့ ချီသော မြို့ပြနေ ပြည်သူတွေထက် စစ်မက်ဖြစ်ပွားတဲ့ ကျေးလက်က ပြည်သူအချို့ကသာ သိရှိကြတာပါ။ 

မြို့ပြနဲ့ မြန်မာပြည်အလယ်ပိုင်းဒေသက လူထုဟာ မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ ပါတ်သက်လို့ အသိပညာ ဗဟုသုတ အရမ်းအားနည်းပါတယ်။

ဒီအချက်ဟာ လာမယ့် နှစ်ကာလတွေအတွင်းမှာ အရပ်သားလူထုကို ထိခိုက်တဲ့ အန္တရာယ် ပိုမိုတိုးမြင့်လာစေမှာ ဖြစ်ပါတယ်။

စစ်ပြီးသည့်တိုင် မပေါက်ကွဲသေးတဲ့၊ ပြန်လည်ဖြုတ်သိမ်းခြင်း မရှိသေးတဲ့ မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်းတွေဟာ အရပ်သားထိခိုက်ဒါဏ်ရာ ရရှိမှုကို ဆက်တိုးပွားနေစေအုန်းမှာမို့ စဉ်ဆက်မပြတ် သတိပေးနေဖို့ လိုအပ်နေမှာပါ။

စစ်တမ်းတွေအရ မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်းကြောင့် ထိခိုက်မိသူ လူ(၁၀)ဦးမှာ (၃)ဦးခန့်ဟာ ကလေးသူငယ်တွေ ဖြစ်နေတာပါ။ 

အသိပညာပေးတာ အားနည်းနေသမျှ ကာလပါတ်လုံး မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုတွေကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုတွေ မြင့်တက်နေအုန်းမှာပါ။

ဒါကြောင့် အမြဲမပြတ် နိုင်ငံတဝှမ်းက ပြည်သူလူထုတစ်ရပ်လုံးကို   စဉ်ဆက်မပြတ် အသိပညာပေးတာ၊ နေ့စဉ် သတိပေးတာ လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။

၂၀၂၄ ခုနှစ်အတွင်းမှာလည်း မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်ဒါဏ်ရာ ရရှိသူ ဦးရေဟာ ထောင်ဂဏန်းအထက် ရှိလာနိုင်တဲ့ အန္တရာယ် ရှိနေတာမို့ ပြည်သူကို အမြဲသတိပေးရတော့မှာပါ။

လက်ရှိ မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ ပါတ်သက်ပြီး သတိပေးချက်တွေ ဝေမျှတာ ရှိနေပေမယ့် ထိရောက်မှုက အားနည်းနေဆဲ ဖြစ်သလို မြို့ပြနေ လူထုတွေမှာ အသိပညာအားနည်းနေဆဲပါ။

မြေမြုပ်မိုင်းနဲ့  စစ်ကျန်လက်နက်ပစ္စည်းအန္တရာယ်ဆိုတာ ကျေးလက်ဒေသတွေသာမက မြို့ပြနေ လူထုအထိ ထိထိရောက်ရောက်နဲ့  အသိပညာရရှိဖို့ လိုအပ်ပါတယ်။

စစ်မီးတောက်လောင်လာလေလေ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ ‌ပိုပြီး များပြားလာနိုင်ချေရှိလေလေမို့ စိုက်ပျိုးရေးကဏ္ဍမှာ (၇၀)ရာခိုင်နှုန်း ပါဝင်နေတဲ့ မြန်မာလူထုအတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာနေတယ်။

ယခင်က တိုင်းရင်းသားဒေသတွေမှာသာ အဖြစ်များလှတဲ့ ဒီအန္တရာယ်ဟာ ယနေ့ကာလမှာ ပြည်မက မြို့ပြဒေသတွေနားအထိ ရောက်ရှိလာနေတာကို သတိပြုမိကြဖို့ လိုအပ်နေပါပြီ။

မြို့ပြဒေသတွေဟာ ဒီ အန္တရာယ်တွေနဲ့ ပါတ်သက်လို့ အတွေ့အကြုံ နည်းပါးတာကြောင့် ပိုပြီး ထိခိုက်မှု မြင့်မားလာနိုင်သလို ပိုပြီး ပြင်းထန်တာမျိုးတွေကို ရင်ဆိုင်လာရနိုင်တယ်။ ဒါတွေကို အရပ်သား ပြည်သူလူထု သတိပြုမိအောင် အဘက်ဘက်က ဝိုင်းပြီး သတိပေးတာ၊အသိပညာပေးတာ လုပ်ကို လုပ်ကြရမယ့် အချိန်ကာလ ရောက်နေပြီ လို့ ဆိုရပါစေ။

နောက်ဆုံးရသတင်းများ

သုံးနှစ်ကျော်အတွင်း နေအိမ်အပါအ၀င် ပိုင်ဆိုင်မှု တစ်ထောင်ကျော် ချိပ်ပိတ်သိမ်းဆည်းခံရ

၂၈၊ စက်တင်ဘာ၊ ၂၀၂၄ Zalen အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်အတွင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ အပါအ၀င် ပိုင်ဆိုင်မှု ၁၀၁၄ ခုကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့ NLD ...

ဆက်ဖတ်ရန်