ပြည်သူလိုလားတဲ့  ဘုံရည်မှန်းချက်ရတဲ့အထိ ဆက်သွားမယ်လို့ မြောက်ပိုင်းမဟာမိတ်ထုတ်ပြန်

၁၃၊ ဒီဇင်ဘာ၊ ၂၀၂၃။

Zalen

စစ်ကောင်စီရဲ့ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရတဲ့ မြန်မာလူထု တစ်ရပ်လုံး မျှော်လင့်တောင့် တနေတဲ့ နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှု သွားမှာ မဟုတ်သလို နောက်လှည့်သွားမှာ မဟုတ်ဘူးလို့ မြောက်ပိုင်းမဟာမိတ် ညီနောင် သုံးဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ 

မဟာမိတ်တပ်တွေအနေနဲ့ ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝတဲ့အထိ လုပ်သင့်လုပ်ထိုက်တာတွေကို မြန်မာလူထုတစ်ရပ်လုံးနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တရုတ်ကမကထဦးဆောင်မှုနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့မှာတွေ့ဆုံခဲ့တယ်ဆိုပြီး တရုတ်နဲ့ စစ်ကောင်စီဘက်ကထုတ်ပြောပြီးနောက်  မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

 လတ်တလောဖြစ်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မြန်မာပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ မစိုးရိမ်ကြဖို့လည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးဟာ ရည်မှန်းချက်အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့ပြီဆိုပေမယ့် ရည်မှန်းချက်အလုံးစုံပြည့်ဝဖို့ ဆက်တိုက်ပွဲဝင်နေဦးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက တရုတ်အကူအညီနဲ့ ညီနောင်မဟာမိတ် အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးနိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေမှာ ပြောခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ ဆွေးနွေးပွဲကို ဒီဇင်ဘာလကုန်‌လောက်မှာ ထပ်မံ ပြုလုပ်ဖို့ရှိတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒီဇင်ဘာ ၁၂ရက်နေ့မှာပဲ ရှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နဲ့ ရခိုင်ပြည်နယ်၊ မြောက်ပိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးပြုလုပ်ခဲ့တဲ့ တစ်လကျော်အတွင်းမှာ ညီနောင်မဟာမိတ်အဖွဲ့တွေ ဘက်က စစ်ကောင်စီတပ်စခန်း ၂၈၀ နီးပါးနဲ့ မြို့တချို့ကို သိမ်းယူထားနိုင်ခဲ့ပါတယ်။

HeiSok Khai

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်