ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆
Zalen
စစ်တပ်ကင်းရှင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရန်နဲ့ အတုယောင် လွှတ်တော်တွေကို ဆန့်ကျင်ရန် ချင်းအမျိုးသားတပ်ဦး (CNF) က ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၉) နှစ်မြောက် ပြည့်မြောက်တဲ့ ယနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ဟာ ကချင်၊ ချင်း၊ ရှမ်း နဲ့ ဗမာပြည်မတို့ စုပေါင်း၍ လွတ်လပ်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေနဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပင်လုံကတိကဝတ်တွေ ကို ဖောက်ဖျက်ခဲ့တယ်လို့ CNF က ထောက်ပြပါသေးတယ်။
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှစ၍ တိုင်းရင်းသားနယ်မြေ လက်အောက်ခံသဖွယ် သတ်မှတ်ခဲ့ခြင်း လူမျိုးကြီးဝါဒဖြင့် တိုင်းရင်းသားတို့ရဲ့ စာပေနဲ့ ယဉ်ကျေးမှုများကို ဝါးမျိုဖျက်ဆီးခဲ့ခြင်းတို့ကြောင့် “ပြည်ထောင်စု” အနှစ်သာရမှာ ပျောက်ဆုံးကာ “တပြည်ထောင်စနစ်” သို့ ဦးတည်ခဲ့တယ်လို့ ဝေဖန်ထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း စစ်အာဏာရှင်တည်မြဲရေးအတွက်သာ ရေးဆွဲခဲ့တဲ့ ဒေါက်တိုင်တခုဖြစ်တယ်လို့ ဖော်ပြပါရှိတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဟာ တိုင်းပြည်ကို ဘက်ပေါင်းစုံမှ ပျက်စီးယိုယွင်းစေခဲ့ပြီး ပြည်သူများအနေနဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရေး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ ခုခံစစ် ဆင်နွှဲနေရခြင်းဖြစ်တယ်လို့ သဝဏ်လွှာမှာ ဆိုပါတယ်။
စစ်ကောင်စီက ဦးဆောင် ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေစဉ်အတွင်း နိုင်ငံတကာကို လှည့်ဖြားရန် ရွေးကောက်ပွဲ ပြုလုပ်ခြင်းဖြစ်တယ်လို့ CNF က ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။
လာမည့် မတ်လမှာ ကျင်းပမည့် လွှတ်တော်တွေဟာ တစ်ချိန်က (၁၄) နှစ်ကြာ အချိန်ဆွဲခဲ့တဲ့ အမျိုးသားညီလာခံကဲ့သို့ပင် စစ်တပ်အာဏာတည်မြဲရေးအတွက် အထောက်အကူပြုမည့် ဟန်ပြလွှတ်တော် များသာ ဖြစ်တယ်လို့ CNF က မှတ်ချက်ပြုပါတယ်။
ယနေ့ ကျရောက်သော (၇၉) နှစ်မြောက် ပင်လုံနေ့မှာ ချင်းအမျိုးသားတပ်ဦးက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် အသက်ပေးတိုက်ပွဲဝင်နေသော တော်လှန်ရေးအင်အားစုအားလုံးနဲ့အတူ ဒီခရီးကြမ်းမှာ တစိုက်မတ်မတ် လက်တွဲသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်ကင်းရှင်းတဲ့ နိုင်ငံရေးစနစ်ကို ဖော်ဆောင်ကာ အောက်ခြေမှ အထက်သို့ ပုံဖော်တဲ့ (Bottom-up Federalism) စနစ်ဖြင့် ပင်လုံအနှစ်သာရရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်သွားမယ်လို့ ပါရှိပါတယ်။
သတင်း-ဆလိုင်း
ဓာတ်ပုံ-လူမှုကွန်ယက်
#CNF#ပင်လုံစာချုပ်ချုပ်#(၇၉) နှစ်မြောက်#Zalen














