ဖလမ်းလေယာဉ်ကွင်းစွန့်ပစ်မြေစာကြောင့်ပြည်နယ်အစိုးရကရွာလုံးကျွတ်ပြောင်းရွေ့ခွင့်ပေးထားတာ(၅)လကြာသော်လည်း အခုထိမပြောင်းရွေ့နိုင်သေး

 

ဖလမ်းလေယာဉ်ကွင်းစီမံကိန်းစွန့်ပစ်မြေစာကြောင့် ဇာထလိရ်ရွာနားချောင်းပျက်စီးမှု
ရိဒ်ကားလမ်းမှ ဇာထလိရ်ရွာလမ်းခွဲကနေ ဖလမ်းလေယာဉ်ကွင်းနဲ့ ဇာထလိရ်ရွာကိုလှမ်းမြင်နေရစဉ်

ဖလမ်းလေယာဉ်ကွင်းစွန့်ပစ်မြေစာကြောင့်ပြည်နယ်အစိုးရကရွာလုံးကျွတ်ပြောင်းရွေ့ခွင့်ပေးထားတာ(၅)လကြာသော်လည်း အခုထိမပြောင်းရွေ့နိုင်သေး
ဖလမ်းလေယာဉ်ကွင်းစီမံကိန်းစွန့်ပစ်မြေစာပြိုကြမှုကြောင့်ရွာအတွင်းလူနေထိုင်ရန်မသင့်တော်တော့တာကြောင့် ပြည်နယ်အစိုးရက ပြောင်းရွေ့ခွင့်ပေးတာ (၅)လကြာသော်လည်း ဇာထလိရ်ရွာဟာ အခုထိမပြောင်းရွေ့နိုင်သေးဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှသတင်းရရှိပါတယ်။
ဖလမ်းလေယာဉ်ကွင်းစီမံကိန်းမြေစာအချို့ဟာ တောင်ကမ်းပါးယံမှာစွန့်ပစ်ထားတာကြောင့် တောင်အောက်မှာရှိတဲ့ဇာထလိရ် ကျေးရွာအနီးချောင်းအတွင်း ၂၀၁၆ ခုနှစ်ကစပြီး မိုးရာသီမှာမီးတောင်ချောရည်လိုစီးဆင်းတာကြောင့် တံတားတွေပျက်စီးကာ မြို့နဲ့ဆက်သွယ်ရေးပျက်တောက်သွားစေခဲ့တယ်။

ဖလမ်းလေယာဉ်ကွင်းစွန့်ပစ်မြေစာကြောင့် Tlairawn ချောင်းပေါ်က တံတားနစ်မြုပ်နေစဉ်

ဇာထလိရ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဗျက်လျန်ဟရဲက “ဒီနှစ်နွေရာသီမှာပြောင်းချင်တာ။ ဒါပေမယ့် ကျနော်တို့ပြောင်းရွေ့ဖို့မြေနေရာရှင်းလင်းထားတဲ့ ဖလမ်း-ရိဒ် ကားလမ်းဘေးတစ်လျှောက်ကမှာနေချင်ပေမယ့် မြို့နယ်အာဏာပိုင်တွေက ဒါကလေယာဉ်ကွင်းစီမံကိန်းဧရိယာဖြစ်တယ်။ ချယ်ရီပင်တွေစိုက်မယ့်နေရာလို့ပြောတယ်။ အဲ့နောက်ပိုင်းတော့ဘာမှမကြားရတော့ဘူး။ သူတို့က ကားလမ်းနောက်ဘက်စုတ်ခိုင်းရင်လည်းစုတ်ပေးရမယ့်သဘောဖြစ်နေတယ်။ ဒီနှစ်မေလမတိုင်ခင် မရွေ့နိုင်ရင်တော့ မိုးဦးကျတော့မှာဖြစ်တဲ့တွက် ဒီနှစ်လည်းမြေစာဘေးဒဏ်ထပ်ခံစားလိုက်ရုံပဲ။ ရွာကနေ ဖလမ်းမြို့ဘက်သွားတဲ့လမ်း မိုင်ဝက်လောက်က ချောင်းနှစ်ချောင်းမှာ မြေစာတွေ မီးတောင်ချောရည်လိုစီးနေတာ။ မြေစာက ထင်းရှုသစ်တောလည်းတော်တော်ပျက်စီးနေပြီ။ ချောင်းထဲမှာလည်းအလုံးလိုက်အလုံးလိုက်ရှိနေတုန်း။ တံတားလည်းနှစ်ကြိမ်ထိုးထားပေမယ့် အကုန်လုံးမြေစာကပျက်စီးပစ်တယ်။ ခြေခြေနဲ့ဖြတ်ဖို့တောင် အန္တရာယ်ရှိတယ်”လို့ပြောပါတယ်။
ဇာထလိရ်ရွာပြောင်းရွေ့ခွင့်ကို ၂၀၁၈ ခုနှစ် သြဂုတ်လ(၂၄)ရက်မှာကျင်းပတဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂၀/၂၀၁၈)ဆုံးဖြတ်ချက်အရ ခွင့်ပြုကြောင်းဆုံးဖြတ်ပြီး ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူးက စက်တင်ဘာ(၃)ရက်မှာ ဇာထလိရ်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့အကြောင်းကြားစာပေးပို့ထားပါတယ်။
ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က “အခုသူတို့ပြောင်းရွေ့ချင်တဲ့နေရာက လေယာဉ်ကွင်းသွားမယ့်လမ်းကို အလှဆင်ဖို့ ချယ်ရီတွေ၊ တောင်ဇလပ်ပန်းတွေစိုက်ဖို့မြေနေရာကျန်ထားတဲ့နေရာဖြစ်တယ်။ သူတို့ကားလမ်းဘေးမှာနေချင်ကြတာ။ ဒါကြောင့် အဲ့နေရာတော့မဖြစ်နိုင်ဘူး။ လမ်းအောက်ဘက်မှာနေကြမှဖြစ်မယ်။ ဒါကြောင့် သူတို့ဘယ်ချိန်ပြောင်းရွေ့လာနိုင်မလဲဆိုတာ မသေချာဘူး။ သူတို့နဲ့ကျေကျေလည်လည်ထပ်ညှိုနှိုင်းဖို့လိမယ်”လို့ပြောပါတယ်။
ဇာထလိရ်ရွာမှာ အိမ်ခြေ (၅၀)ရှိပြီး ဖလမ်းမြို့ကနေ (၁၀)မိုင်အကွာမှာရှိပါတယ်။ ဖလမ်းလေယာဉ်ကွင်းစွန့်ပစ်မြေစာကြောင့် အနီးရှိ Tlairawn ချောင်းကို(၁၅)ပေခန့်မြင့်တက်စေပြီး ချောင်းထဲမှာနေထိုင်တဲ့ ငါးတွေလည်းရှားပါးသွားပါပြီ။
ဇာထလိရ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဗျက်လျန်ဟရဲက “လေယာဉ်ကွင်းစီမံကိန်းအတွက် ကျနော်တို့ရွာရဲ့ မြေယာအများစုပါပါတယ်။ ဒါတွေအားလုံးကို ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီး နစ်နာကြေးတစ်ပြားမှမတောင်းပဲ ပေးထားတယ်။ အခုကျနော်တို့နေချင်တဲ့နေရာမှာ နေခွင့်မပေးတာကတော့ မကောင်းဘူးပေါ့ဗျာ”လို့ပြောပါတယ်။
ဖလမ်းနဲ့ရိဒ်လမ်းခွဲမှာ ပေ ၆၀x၈၀ အကျယ် မြေကွက် (၂၀)အတွက်သစ်ပင်တွေရှင်းလင်းထားပြီဖြစ်ပေမယ့် မြို့နယ်အာဏာပိုင်တွေက စီမံကိန်းဧရိယာလို့ဆိုကာ ရပ်ဆိုင်းထားပါတယ်။

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်