မတ် ၁၂၊ ၂၀၂၆
Zalen

ချင်းပြည်နယ် ဖလမ်းမြို့ကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေးတပ်များအကြား Sumhrang ကျေးရွာအနီးတွင် ယမန်နေ့ မတ်လ ၁၁ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်များ ထံမှ သိရှိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ Sumhrang ကျေးရွာအနီးတွင် ခြေကုပ်ယူတပ်စွဲထားသော ၎င်းတို့တပ်ဖွဲ့ဝင်များ အတွက် ရိက္ခာနဲ့လက်နက်ခဲယမ်းပစ္စည်းများကို Y-12 လေယာဉ်ဖြင့် လာပို့ပေးတယ်လို့ ဆိုပါတယ်။
ယင်းပစ္စည်းများကို လာရောက်ကောက်ယူသည့် စစ်သားများကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။
စစ်ကောင်စီဘက်ကလည်း RPG လက်နက်များနဲ့ ဒရုန်းများအသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ချင်းတော်လှန်ရေး ပူးပေါင်းတပ်များဘက်တွင် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် Khuangli ကျေးရွာဝန်းကျင်နီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များအတွက်လည်း ရိက္ခာနဲ့ လက်နက်ခဲယမ်းပစ္စည်းများ လာရောက်ချပေးတာလည်း ရှိတယ်လို့သိရှိရ။
ဖလမ်းမြို့ကို ပြန်လည်ရယူဖို့ အပြင်းအထန် ထိုးစစ်ဆင်မှုတွေကြိုးစာနေတဲ့စစ်ကောင်စီဟာ မတ်လ ၁၁ရက်နေ့ ကလည်း Simzawl ကျေးရွာ လူနေအိမ်ပေါ်သို့ ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ အသက် (၅၆) နှစ်အရွယ် Pu Thang Hlei ရဲ့ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းအိမ်ထဲတွင်ရှိနေသူ Pu Thang Hlei အသက်သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ပစ်ခတ်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြွင်းကျန်ပေါက်ကွဲမှုကြောင့် ဆော့ကစားနေတဲ့ ကလေးငယ် ၂ ဦးတွင် အသက် ၁၁နှစ်အရွယ်ကလေး တဦးသေဆုံးခဲ့ပြီး အသက် ၈နှစ်အရွယ် ကလေးငယ်တဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသနေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဖလမ်းမြို့ လေကြောင်းတိုက်ခိုက်မှု အကြိမ်၂,၅၀၀ ကျော်ပြုလုပ်ခဲ့ပြီး အရပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ၃၀ ဦးက ဒဏ်ရာရခဲ့ပြီး ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့ နေအိမ်မီးရှို့တာတွေ လေကြောင်း တိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ်လုပ်လာတာတွေ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားပါတယ်။
မိုင်နွေဦး
ဓာတ်ပုံ-လူမှုကွန်ယက်
#ဖလမ်းမြို့#စစ်ကောင်စီ#Y-12 #ရိက္ခာချ #Sumhrangကျေးရွာ# Khuangliကျေးရွာ#Zalen
















